အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမြင့်လှိုင်အမှု – သေနတ်တွေနဲ့ ဒေါ်လာသန်းချီတန် ရတနာပစ္စည်းတွေပါ သိမ်းဆည်း

အဂတိတိုင်ကြားမှု နဲ့ ဖမ်းဆီးခံထားရတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်အမှုမှာ နေအိမ်ကနေ သေနတ်ခြောက်လက်နဲ့ ဒေါ်လာသန်းချီတန် ရတနာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

သေနတ်ခြောက်လက်က ပစ္စတို ၅ လက် နဲ့ ရိုင်ဖယ် ၁ လက်ဖြစ်ပြီး သေနတ်တွေအကုန်လုံး လိုင်စင်ရှိမရှိ အသေအချာမသိရပါဘူး။

ဒါ့အပြင် ဒေါ်လာသန်းချီတန် တဲ့ ပတ္တမြား နဲ့ နီလာ တွေအပါအဝင် ရတနာပစ္စည်း အမျိုး ၅၀ ကိုပါ ဖမ်းဆီးစဉ်က သိမ်းဆည်းခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။

‘‘သူ့မိဘတွေက မိုးကုတ်မှာ ကျောက်တွင်းတွေပိုင်တယ်။ သူ့အမေက မနှစ်ကဆုံးတော့ အမွေတွေရလိုက်သေးတယ်။ တချို့ ပတ္တမြားတွေ၊နီလာတွေ ကို ဆွစ်ဇာလန်ကနေ တန်ကြေးဖြတ်ထားတဲ့ လက်မှတ်တွေပါ သူ့ဆီမှာရှိတယ်’’ လို့ ဦးမြင့်လှိုင်ရဲ့ မိတ်ဆွေ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဦးမြင့်လှိုင်ဟာ ရှမ်းပြည်နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်၊ လယ်ယာစိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီး ရာထူးရှိချိန်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေဧက ၁၇၀၀ ကျော်ကို သားမက်ဖြစ်သူနဲ့ အတူ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ပြီးတဲ့နောက် စစ်သားတွေအပါအဝင် ကားဆယ်စီးကျော်နဲ့ ဧပြီ ၁၀ ရက် မနက်အစောပိုင်းက နေပြည်တော်နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *