ရန်ကုန်မြို့က အောင်ရတနာ ပုဂ္ဂလိကဆေးရုံ ယာယီ ပိတ်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစလို့ အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းထားမှာဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတွေနဲ့ အဲဒီဆေးရုံမှာ ဆေးရုံတက်ကုသနေသူတွေက ပြောပါတယ်။

အောင်ရတနာဆေးရုံမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပိတ်သိမ်းခိုင်းတာလို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဆေးရုံဝန်ထမ်းတစ်ဦးကတော့ ဆေးရုံကို ပြုပြင်စရာတွေရှိတဲ့အတွက် ယာယီပိတ်ထားတာဖြစ်ပြီး အောင်ရတနာ ဆေးခန်းကတော့ ဆက်ဖွင့်ထားမယ်လို့ ပြောပါတယ်။

“ဆေးရုံ ရက်ချိန်းလိုချင်သူတွေနဲ့ ကြိုတင်ဘွတ်ခ်ကင် တင်ချင်တဲ့သူတွေဟာ အခုလ ဧပြီလကုန်တဲ့ရက်အထိပဲ ရမှာဖြစ်ပါတယ်။ ငါးလပိုင်း၊ ခြောက်လပိုင်း နှစ်လ ယာယီ ပိတ်ထားမှာပါ ခုနစ်လပိုင်းကျမှ ပြန်ဖွင့်ပါမယ်။ ဆေးရုံဘက်ပဲ ယာယီပိတ်တာပါ။ အောင်ရတနာဆေးခန်းက ဆက်ပြီး ဖွင့်ပေးထားမှာပါ”

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်တို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဆေးရုံပိတ်လိုက်တာကြောင့် ပုံမှန်ဆေးကုသမှုခံယူဖို့အတွက် အခက်အခဲဖြစ်နိုင်တယ်လို့ တောင်ဥက္ကလာမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလကုန်ရင် ပိတ်မယ်ဆိုတာတော့ မနေ့က ဆေးရုံကို ရောက်ကတည်းက သိပါတယ်။ အမေ့ကို အဲဒီဆေးရုံက ဆရာဝန်နဲ့ အပတ်စဥ်ပြပေးနေရတာ ဒီလကုန်အထိပဲ ရမယ်တဲ့။ နောက်လ အဲဒီဆရာဝန် ဘယ်ဆေးရုံတွေမှာထိုင်လဲ ကြည့်ရ၊ လေ့လာရဦးမှာဆိုတော့ ပြရတဲ့သူတွေ ဒုက္ခရောက်တာပေါ့နော်။ ဆရာဝန်တွေက ဒီဆေးရုံမထိုင်ရလည်း ထိုင်လို့ရတဲ ပုဂ္ဂလိကဆေးရုံတွေမှာ ထိုင်ကြမှာပေါ့”

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ပင်လုံ ပုဂ္ဂလိကဆေးရုံလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနဲ့မတ်လ နှစ်လ ယာယီ ပိတ်သိမ်းခံခဲ့ရပါတယ်။

မန္တလေးမြို့မှာတော့ မင်္ဂလာ၊ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်နဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီက ပိတ်သိမ်းခိုင်းတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo: Facebook/Aung Yadana Hospital)


Comments

Leave a Reply

Your email address will not be published. Required fields are marked *