စစ်ခေါင်းဆောင်တည်ထားသည့် မာရဝိဇယဘုရားတွင် အလှူငွေထည့်ရန် ဂေါပကအဖွဲ့တိုက်တွန်း

စစ်ခေါင်းဆောင်တည်ထားသည့် မာရဝိဇယဘုရားတွင် အလှူငွေထည့်ရန် ဂေါပကအဖွဲ့တိုက်တွန်း

‘သူကြီးဘုရား ရွာသူကောင်းမှု’ ဆိုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ထားသည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က မာရဝိဇယရုပ်ပွားတော်ဘုရားတွင် အလှူငွေထည့်သွင်းရန် စစ်ကောင်စီဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဘုရားဂေါပကအဖွဲ့က တိုက်တွန်းနေသည်။

လက်နက်အားကိုးဖြင့် ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေသည်ကို ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဗဟိုချက်ဖြစ်ရန်၊ နိုင်ငံသာယာဝပြောရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရန် စသည့်ရည်ရွယ်ချက် ၄ ချက်ဖြင့် တည်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဧပြီ ၂၄ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်စာ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

အဆိုပါအလှူငွေထည့်ရန် တိုက်တွန်းချက်နှင့် ထည့်ဝင်ထားသူများ ပါဝင်သည့် ထုတ်ပြန်ချက်ကို မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၉ အပြည့်နီးပါး အသုံးပြုထားသည်ကို တွေ့ရသည်။

ယင်းသတင်းစာပါ လှူဒါန်းသူများစာရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိကြီးများနှင့် ပါဝင်ပတ်သက်သူ အများစုပါဝင်ပြီး အရပ်သားအလှူရှင်မှာ အနည်းငယ်သာ ပါဝင်သည်ကို တွေ့မြင်ရသည်။

သာသနာပြုမင်းဖြစ်ချင်ကြသော မြန်မာနိုင်ငံက စစ်အာဏာရှင်ခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ဟု ကြွေးကြော်တည်ဆောက်ခဲ့သည့် မာရဝဇယရုပ်ပွားတော်ကို ယခင်နှစ် ဩဂုတ် ၁ ရက်နေ့(ဒုတိယ ဝါဆိုလပြည့်နေ့)က ဖွင့်လှစ်ခဲ့သည်။

ထိုဘုရားဖွင့်ပွဲကို စစ်ကောင်စီ ဆရာတော်များဖြစ်သော သီတဂူ အရှင်ဉာဏိဿရနှင့် ဓမ္မဒူတ ဆရာတော် အရှင် ဆေကိန္နတို့ ဦးဆောင်၍ ပြည်တွင်းသံဃာတော် ၈၀၀ ကျော်အပါအဝင် ပြည်ပက ဆရာတော် ၇၀ ကျော်တို့ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုဘုရားဖွင့်ပွဲအတွင်း နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ဒုဥက္ကဋ္ဌ ကျောက်မဲ ဆရာတော်ကြီး၏ “လက်သုံးချောင်းထောင်” တရားတော်ဖြစ်သည့် “မကောင်းတဲ့ အလုပ် မလုပ်နဲ့၊ ကောင်းတဲ့ အလုပ်ကို လုပ်၊ စိတ်ကို ဖြူစင်အောင် ထား” ဆိုသည့် တရားတော်က လူထုအကြား ထင်ရှားခဲ့သည်။

ထိုတရားကြောင့်ပင် ဘုရားပွဲအပြီး နောက်တစ်ရက် ဩဂုတ် ၂ ရက်နေ့တွင် ယင်းပွဲကို စစ်ကောင်စီဘက်က ဦးစီးပြုလုပ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရာထူးမှ ဖြတ်ချခံခဲ့ရသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလှူခဲ့သည့် တန်ငါးထောင်ကျော် အလေးချိန်ရှိသည့် စကျင်ကျောက်တုံးကြီးကို ထိုင်တော်မူရုပ်ပွားတော်အဖြစ် စစ်ကောင်စီ ခေါင်းဆောင်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ ကာလတိုအတွင်း တည်ဆောက်ခဲ့သည်။

အဆိုပါကျောက်ဆင်းတုရုပ်ပွားတော်ဘုရား ကုန်ကျစရိတ်ကို စကျင်ကျောက်တန်ဖိုး မပါဝင်ဘဲ အမေရိကန်ဒေါ်လာသန်း ၃၀ မှ ၄၀ ခန့်အထိရှိမည်ဟု စစ်ကောင်စီဘက်က ခန့်မှန်းပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *