ဝက်လူးရဲစခန်းမှ အိမ်စီးကားနှစ်စီးဖြင့်ထွက်လာသည့် အရပ်ဝတ် စစ်သားနှင့် ရဲများကို စောင့်ကြိုတိုက်ခိုက်၊ ကားများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှအိမ်စီးကားနှစ်စီးဖြင့် ထွက်လာသည့် အရပ်ဝတ် စစ်သားနှင့် ရဲသားများကို ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က ဝက်လူးရဲစခန်းမှ Wish အဖြူရောင်ကားအပါအဝင် အိမ်စီးကားနှစ်စီးဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ရှစ်ဦးခန့်ကို ဝက်လူးရွာအတွင်း စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံခရိုင် တပ်ရင်း-၄(နွားထိုးကြီး PDF)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

“သူတို့ဘက်က နည်းနည်းပါးပါး ရမ်းပြီးပစ်ခတ်တာလောက်ပဲရှိတယ်။ ကျွန်တော်တို့ကို ဘာမှပြန်မပစ်ဘဲနဲ့ ထွက်ပြေးသွားတာ။ သူတို့အထိအခိုက်တော့ နည်းနည်းများတယ်။ သေဆုံးတာရှိမရှိကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲပါပဲ။ ဒဏ်ရာရတာတော့များတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံတပ်သားများမှာ ကားနှစ်စီးကို ထားရစ်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြသည်။ ၎င်းတို့က ကားများကို မောင်းနှင်မရအောင် ပြုလုပ်ခဲ့သည့်အတွက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုရိုက်ကူးထားသည့် လူမှုကွန်ရက်ပေါ်မှ ရုပ်သံဖိုင်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်ကို ကြားသိရသည်။

“မောင်းမရအောင်လုပ်ခဲ့တော့ တို့ကလည်း မီးရှို့ခဲ့မှာပေါ့ကွာ” ဟု အဆိုပါရဲဘော်က ပြောဆိုထားသည်။

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျမသိရသေးသော်လည်း ထိုရုပ်သံဖိုင်အတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးရာလမ်းတစ်လျှောက် ကျည်ထိမှန်ဒဏ်ရာရ၍ သွေးကွက်များဖြစ်ပေါ်နေသည်ကို တွေ့မြင်ရသည်။

ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း(နွားထိုးကြီး PDF)နှင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

ယခုဧပြီလ ၂၅ ရက်နေ့အထိ နွားထိုးကြီး PDF အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငါးကြိမ်နှင့်အထက် တိုက်ခိုက်မှုပြုလုပ်ထားပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ နွားထိုးကြီး PDF ရဲဘော်အချို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အချို့ရသူရှိကြောင်း ၎င်းက CJ Platform သို့ပြောသည်။

မြင်းခြံခရိုင်အတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက နေရာစုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံများကို တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *