ရန်ကုန်တိုင်းထဲက မြို့နယ် ၄ ခုရဲ့ ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲ

ရန်ကုန်တိုင်းထဲက မြို့နယ် ၄ ခုရဲ့ ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲ

ရန်ကုန်မှာရှိတဲ့ မြို့နယ် ၄ ခုရဲ့ ညမထွက်ရ(မာရှယ်လော)အမိန့်ကို အာဏာသိမ်းစစ်တပ်က အချိန်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်တွေဖြစ်တဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒလမြို့နယ်တွေရဲ့ ညမထွက်ရအမိန့်တွေကို အချိန်ပြောင်းလဲသတ်မှတ်လိုက်တာကို အာဏာသိမ်းစစ်တပ်ကကြေညာလိုက်ပြီးနောက် သေနတ်တွေပစ်ဖောက်သွားကြတယ်လို့ ဒလမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။

“အရင်က ဒလမှာ ညမထွက်ရအမိန့်က မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ။ အခုကြေညာသွားတာက ည၁၀ နာရီကနေ မနက် ၅နာရီအထိလို့ကြေညာသွားတယ်။ ငြိမ်ဝပ်ပိပြားရေးအတွက် အချိန်ပြောင်းတယ်၊ မလိုက်နာရင်ပစ်မယ်ဆိုပြီးကြေညာတယ်။ ပြီးတော့ သေနတ် ၄၊ ၅ ချက်လောက်ဖောက်သွားတယ်”လို့ ဒလမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲဒီလို ကြေညာတာဟာ ဧပြီလ ၂၄ ရက်နေ့ညပိုင်းက ကွမ်းခြံကုန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သမီးဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားတာကြောင့် အခုလို ညမထွက်ရအမိန့်ကို ပြောင်းလဲကြေညာသွားတာဖြစ်နိုင်တယ်လို့ အဆိုပါမြို့‌နယ်တွေမှာနေထိုင်သူတွေကသုံးသပ်ပါတယ်။

အခု ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့်ထားတဲ့ မြို့နယ် ၄ ခုဟာ နယ်မြေခြင်းထိစပ်နေတဲ့မြို့နယ်တွေဖြစ်သလို ဧရာဝတီတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့နေရာတွေဖြစ်ပါတယ်။

ပုံစာ- ဒလမြို့တစ်နေရာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *