ဘုတလင်မှာ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်နေလို့ စစ်ရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လိုက်လု

ဘုတလင်မှာ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်နေလို့ စစ်ရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ လိုက်လု

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းထဲ စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စု ရိက္ခာပြတ်၊ ငတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဆီကနေ စားနပ်ရိက္ခာတွေ လိုက်လံလုယက်နေပြီး ဒီနေ့လည်ပိုင်းမှာပဲ စားနပ်ရိက္ခာတွေ နွားလှည်းလေးစီးတိုက် လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဧပြီ(၂၆)ရက် နေ့လည်(၁)နာရီမှာ ဘုတလင်နယ်၊ ကူတော်ရဲစခန်းနေ စစ်အုပ်စုက စစ်ရှောင် ပြည်သူတွေ နေထိုင်ရာ တောတဲတွေကို စီးနင်းပြီး စားသောက်စရာ ရိက္ခာတွေ လုယူကာ နွားလှည်းလေးစီး ရဲစခန်းအရောက် လိုက်ပို့ခိုင်းတာလို့ ဆိုပါတယ်။

“ကူတော်ခွေးစခန်းက ခွေး(၁၂)ကောင်တည်းနဲ့ စစ်ရှောင်တွေဆီကနေ စားစရာ၊ သောက်စရာတွေ လှည်းလေးစီးတိုက် ယူသွားတာ၊ စစ်ရှောင်နေရတဲ့ လူတွေကပဲ လှည်းတွေနဲ့ လိုက်ပို့ရတာ” လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ စီးနင်းလုယက်ခြင်း ခံရတဲ့ ပြည်သူတွေဟာ ဘုတလင်နယ် ကူတော်ကျေးရွာနဲ့ ရွာမွန်ကျေးရွာက ပြည်သူတွေ ဖြစ်ပြီး အဲ့ဒီ ဒေသခံတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စစ်အုပ်စု ရန်ကြောင့် ရွာထဲမှာ မနေရဲဘဲ အနီးအနားက တောတွေထဲ ထွက်ပြေးနေထိုင်နေရတာလို့ ဆိုပါတယ်။

၂၀၂၂ ဧပြီလက ဘုတလင်နယ် ကူတော်ရွာ ရဲစခန်းကို တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပေမယ့် ရက်ပိုင်းအကြာမှာ စစ်အုပ်စုက ပြန်လည် တိုက်ခိုက်ပြီး ရဲစခန်းထဲ ပြန်နေရာယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ကူတော်ရွာကို သာမက ထိစပ်နေတဲ့ ရွာမွန်ကျေးရွာကိုပါ စီးနင်းပြီး ဖောက်ထွင်းလုယက်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးကာ တွေ့သမျှ ပြည်သူတွေကို သတ်ဖြတ်လို့ ကူတော်နဲ့ ရွာမွန်ရွာက ပြည်သူတွေ နေစရာ အိမ်မရှိတော့သလို ရွာမှာ မနေရဲဘဲ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကူတော်ရဲစခန်းထဲ စစ်အုပ်စုနဲ့ပျူ အင်အား(၃၀) ၀န်းကျင် အထိုင်ချနေပြီး ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီး၀န်းကျင် ကျေးရွာတွေကို စီးနင်းလုယက်ကာ ခိုးယူ စားသောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကောင်တွေ ငတ်ပြတ်နေတာ ကြာပြီ။ ရိက္ခာပြတ်တိုင်း ဒီလိုပဲ၊ နီးရာကနေ ဓားမြတိုက်ပြီး စားနေကြတာ၊ အဲဒီဘက်တွေက ကျွန်တော်တို့နဲ့ လက်လှမ်း မမှီတော့ လူနည်းနည်းနဲ့ လုပ်သွားတာ” လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

မတ်(၂၂)ရက်ကလည်း ကူတော်ရဲစခန်းက စစ်အုပ်စုဟာ မွန်တောကျေးရွာနဲ့ ငါးရေ၀င်ကျေးရွာတွေကို စီနင်းပြီး စာသောက်စရာ ရိက္ခာတွေ လုယက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးကို ခိုးရာပါ ပစ္စည်းသယ်ဖို့နဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသလို ရွာကို မီးရှို့ခဲ့လို့ အိမ်နှစ်လုံး ပြာကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်နယ် သာမက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က စစ်အုပ်စုဟာလည်း ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ရွာတွေကို စီးနင်းလုယက် မီးရှို့နေပြီး ယခု ၂၀၂၄ သုံးလကျော်အတွင်း နမခနဲ့ ငါးမိုင် ပတ်လည်အတွင်းက ကျေးရွာ (၁၅)ရွာထက်မနည်း စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့တာ ခံခဲ့ရပါတယ်။

စစ်အာဏာသိမ်းစက ဘုတလင်မြို့မှာ တွေ့ရတဲ့ စစ်အုပ်စု လက်နက်ကိုင်တစ်ယောက်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *