တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်းထောက်ပံ့

ပြည်ထဲရေးဝန်ကြီးကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်

တရုတ်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီပြည်ထဲ‌ရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်း အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ချောက်ဟုန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံဘေဂျင်းကို ခြောက်ရက်ကြာ အလုပ်သဘောခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ ပေကျင်း ရဲတက္ကသိုလ်ကိုပါ သွားရောက်လေ့လာခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးကို ဘေကျင်းမှာ ကျင်းပခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေး ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်း လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးတွေအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Golden Great Wall Commemorative Medal ဆုတံဆိပ်ကို ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဝမ်ချောက်ဟုန်က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကို ပေးအပ် ခဲ့ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဝမ်ချောက်ဟုန် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဘေဂျင်းမှာတွေ့ဆုံပြီး စစ်ကောင်စီရဲ့ ကျားဖြန့်နိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှုကို တရုတ်ဘက်က ကျေနပ်ကြောင်းပြောကြားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *