ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

ရေဦးမြို့နယ်တွင် ဆွမ်းလောင်းပွဲကျင်းပနေစဥ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၁၇)​ တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

ဧပြီ၂၆ ရက်က စစ်ကိုင်းမြို့နယ်ဘက်မှ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဝက်လက်မြို့နယ် စဉ့်ကိုင် ကျေးရွာနှင့် တပ်ရွာကြားအရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၇)​က ဆိုသည်။

“တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ သူတို့ဘက်ကျတဲ့တစ်ကောင်က လက်နက်ငယ်ထိတာပါ။ လက်နက်တော့မရလိုက်ဘူး။”ဟု ဗိုလ်တီက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း (၁၇)​တောကြီးမြွေပွေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၁၈)နှင့် မတ္တရာမြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်နေချိန် မတ္တရာမြို့ ဘောလုံးကွင်းရှိ စစ်ကောင်စီတပ်က ၁၂၂ မမ ဟောင်ဝစ်ဇာဖြင့် ၇ ချက်ပစ်ကူပေးခဲ့ကြောင်း၊ ဧရာဝတီမြစ်ကို ကူး၍ မတ္တရာမြို့နယ် မိုးကြိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် မိုးကြိုးကျေးရွာမှ ဇလကျေးရွာဘက်သို့ စက်လှေများဖြင့် ကူးသန်းပြီး ရှင်လှကျေးရွာ၊ ဟင်္သာကုန်းကျေးရွာ၊ ဟင်္သာရွာသစ်ကျေးရွာ၊ ထန်းခြောက်ကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း မတ္တရာပကဖအဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောသည်။

ဧပြီ၂၄ ရက် နေ့လယ်​ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ပစ်ခတ်မှုအချိူ့ ရှိခဲ့သည်။

ထို့နောက် ဧပြီ ၂၅ ရက်တွင် စစ်ကောင်စီတပ်က မင်းဝံတောင်တကြောကို မြစ်တစ်ဘက်ကမ်း မတ္တရာဘက်ခြမ်းမှ လက်နက်ကြီးဖြင့်ပစ်ပြီး ဂျက်ဖိုက်တာဖြင့် ပေါင် ၁၀၀နှစ်လုံးချ တိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော် နှစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့နယ် မင်းဝံတောင်ရိုး ‌ဓမ္မရိပ်သာတစ်ခု၊ ကျောင်းဆောင် ၁၁လုံးပျက်စီးပြီး စက်သိုလှောင်ခန်းပျက်စီးခဲ့ကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

တခြားသတင်းတရပ်အဖြစ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာ၌ ဆွမ်းလောင်းပွဲကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၃ ရက် နံနက် ၁၀နာရီခန့်က ရေဦးမြို့နယ်အနောက်ဘက်ခြမ်း နှောကုန်းရွာတွင် ဆွမ်းလောင်းပွဲကျင်းပနေစဥ် ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးမှာ စပါးတိုက်အနီးကျရောက်ပေါက်ကွဲခဲ့၍ လူထိခိုက်မှုမရှိခဲ့ကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“ပစ်တာက တစ်လုံးထဲပစ်တာဆိုပေမယ့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်။ နေအိမ်ဝင်းအတွင်းက စပါးတိုက်အနီးကျရောက်ပေါက်ကွဲခဲ့တယ်။စပါးတိုက်အုတ်ခုံလည်းပျက်ဆီးသွားတယ်။ နေအိမ်ထဲမှာပြည်သူတွေရှိပေမယ့် မထိခိုက်ခဲ့ဘူး”ဟု ကိုထူးခန့်ဇော်က ဆိုသည်။

ယင်းနေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးတစ်လုံး မြောက်ဘက်ခြမ်းရွာများအား ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။

ရေဦးနယ်တွင် ကံထူးမစခန်းသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းမရှိသော်လည်း မြို့ပေါ်ရှိ စစ်အုပ်စုက လက်နက်ကြီးများဖြင့် ကျေးရွာများအား မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *