၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့ပေါင်း ၅၄ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး ငါးလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက မြို့ပေါင်း ၅၄ မြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ သုတေသနအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီအရင်ခံထဲမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ငါးလအတွင်း နိုင်ငံတစ်ဝန်းက စစ်ရေးအခြေအနေတွေကို ဖော်ပြထားတာပါ။

ငါးလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင် ပြည်နယ်က မြို့အများစုကိုသိမ်းယူနိုင်ခဲ့သလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယား ပြည်နယ်မှာလည်း မြို့တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကိုတော့ ရက်ပေါင်း ၉၀ ကျော်အတွင်း စစ်ကောင်စီဘက် ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ဟာ တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံး ဒေသတွေအဖြစ် ရပ်တည်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်းပေးတဲ့ ဟိုင်ဂင်သဘောတူညီချက်နဲ့အတူ တိုက်ပွဲတွေလျော့ကျသွားခဲ့တယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာ ရခိုင်ပြည်နယ်ကတော့ ငါးလအတွင်း တိုက်ပွဲ (၁၄၉) ကြိမ်ဖြစ်ခဲ့ပြီး စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးဒေသအဖြစ် ရပ်တည်နေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းကတော့ တိုက်ပွဲဖြစ်ပွားမှု (၁၄၄) ကြိမ်နဲ့ ဒုတိယစစ်ရေးအပြင်းအထန်ဆုံးဒေသ ဖြစ်ပါတယ်။

အခုအစီအရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် ပထမငါးလအတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၈၀) ဖြစ်ခဲ့ပြီး စစ်ဆင်ရေးစတင်ပြီး ငါးလအတွင်းမှာ တိုက်ပွဲပေါင်း (၈၇၈) ကြိမ်ထိဖြစ်ခဲ့တာကြောင့် စစ်ရေးအရှိန် မြင့်တက်လာနေတယ်လို့ အစီအရင်ခံစာမှာ ရေးသားထားပါတယ်။

နပခ စစ်ဌာနချုပ်၏ ခံစစ်တံတိုင်း စွေ့ချောင်းဗျူဟာကုန်းကို AA ထပ်မံသိမ်းပိုက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)၏ နောက်ထပ် ခံစစ်တံတိုင်းတစ်ခုဖြစ်သည့် တောဟိန်းတောင်ဗျူဟာကုန်းနှင့် ချောင်းတစ်ခုသာခြား‌သော တပ်သား(၃၀၀)ခန့် အထိုင်ချနေထိုင်တဲ့ စွေ့ချောင်းဗျူဟာကုန်းကို ယနေ့တွင် AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စွေ့ချောင်းဗျူဟာတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၀၀ ခန့် သေဆုံးကြောင်း သိရပါသည်။

အမ်းမြို့တွင် လက်ရှိ စစ်ကောင်စီတပ်စခန်းအနေဖြင့် ပွိုင့် ၂၉၉ စခန်းကုန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်၊ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ အင်ဂျင်နီယာတပ် GE နှင့် BE တို့သာ ကျန်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *