ဘန်ကောက်မြို့ မေဒေးချီတက်ပွဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချီတက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)တွင် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင်ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ပါဝင်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများက ဆိုသည်။

ချီတက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများက “အရေးတော်ပုံ အောင်ကိုအောင်ရမည်”ဟု ရေးသားထားသော ဗီနိုင်းကိုင်ဆောင်ကာ “အရေးတော်ပုံ အောင်ရမည်၊ စစ်အာဏာရှင်ဖြုတ်ကျရေး၊ ပြည်သူတွေကို ပြန်သတ်နေတာ မြန်မာစစ်တပ်” စသည်တို့ အော်ဟစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုအော်ဟစ်ခဲ့ကြသည်။ ထို့အပြင် “အရေးကြီးပြီ”သီချင်းကိုလည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက သီဆိုခဲ့ကြသည်။

အဆိုပါ ချီတက်ပွဲတွင် ထိုင်း၊မြန်မာ၊လာအို၊ ကမ္ဘောဒီးယားစသည့် လုပ်သားများပါဝင်ချီတက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးများလည်း တောင်းဆိုခဲ့သည်ဟု ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

” အလုပ်သမားအခွင့်အရေးပေါ့။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အဓိကပါ။ ဥပဒေပုဒ်မ ၈၇၊၉၈ ကိုပေါ့ ထိုင်းအစိုးရအနေနဲ့ လက်မှတ်ထိုးပေးဖို့ပေါ့”ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)သဘောတူညီချက် ပုဒ်မ ၈၇ နှင့် ၉၈ အရ လွတ်လပ်စွာ ပေါင်းသင်းခွင့်နှင့် အလုပ်သမားများ၏ စေ့စပ်ညှိနှိုင်းခွင့်ကို အကာအကွယ်ပေးရေးနှင့် နေထိုင်ခွင့် အာမခံချက်ပေးရေး၊ အလုပ်သမားအားလုံး တန်းတူအကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို ဘန်ကောက်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှ အစိုးရရုံးအထိ ချီတက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအလုပ်နေ့ ချီတက်တောင်းဆိုပွဲကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့ဝင်များနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများဦးရေ ( ၂၀၀ )ခန့်ပူးပေါင်းပါဝင် ချီတက်တောင်းဆိုမှုပုံရိပ်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *