ကျိုက်ထို နှင့် ဘီးလင်းတွင် စစ်ကောင်စီဂိတ်စခန်းများနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ယမန်နေ့ ဧပြီ ၃၀ ရက်နှင့် ယနေ့ မေ ၁ ရက်နေ့များတွင် စစ်ကောင်စီလက်အောက်ခံ မုပ္ပလင်စစ်ဆေး ရေးဂိတ်နှင့် စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ များပြားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ယနေ့မေ ၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်မှုအများအပြားရှိခဲ့ပြီး ပစ်ခတ်မှုများကြောင့် ခရီးသွားပြည်သူများမှာလည်း တစ်နာရီဝန်းကျင် ကားလမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြာင်း သိရသည်။

“ဒီနေ့က မုပ္ပလင်လမ်းဆုံကို ဒရုန်းတို့ လက်နက်ကြီးတို့နဲ့ပစ်တာပါ။ ဒီနေ့ထိခိုက်မှုက ရန်သူထိခိုက်မှုများတယ်လို့ သိရတယ်။ ဟွန်ဒါဖစ်တစ်စီးအပါအဝင်ကား နှစ်စီးနဲ့ ညောင်ခါးရှည်ဘက်ကို သယ်သွားတယ်လို့သိရတယ်။ ဘယ်လောက်ထိခိုက်လဲဆိုတာတော့ မသိရသေးဘူး။ တိုက်ပွဲကမနေ့တုန်းကဖြစ်တယ်။ နတ်ကြီးကနေ မဲပလီကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၄၀ ကျော်ကို ကျွန်တော်တို့ KNLA ပူးပေါင်းစစ်ကြောင်းနဲ့ဖြစ်တာပါ” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းကပြောသည်။

ယမန်နေ့ ဧပြီ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာမှ မဲပလီ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းကို KNLA၊ သူရိယစစ်ကြောင်းပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် နှစ် ဦးလည်း မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့ကလည်း အင်္ဂဘိုတာဝါတိုင်၊ ရှော်နီကုန်း၊ လက်ပံပင်သုသာန် တို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force ထံက သိရသည်။

ဓာတ်ပုံ – KRF(ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *