ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသော ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

ပြည်သူများကို စစ်သားအဖြစ် စုဆောင်းမည်ဆိုပါက ရာအိမ်မှူး မြင့်အောင်ဖြစ်စဉ်ကို နမူနာကြည့်ထားရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက သတိပေး

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဖလန်ပင်အုပ်စု ၊ ရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင်ကို ၎င်း၏ နေအိမ်တွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူကပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရာအိမ်မှူးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြင့်အောင်သည် ပြည်သူများကို အတင်းအကြပ်ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းအပြင် ပြည်သူများကို အမျိုးမျိုး ဖိနှိပ် ဒုက္ခပေးနေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို၏ တာဝန်ရှိသူကပြောကြားသည်။

“မြို့နယ်အတွင်းမှာ ပြည်သူတွေကို စစ်ကောင်စီ စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းပေးရင် မြင့်အောင်ကဲ့သို့ လုပ်ပစ်မယ်လို့ သတင်းစကားပေးချင်ပါတယ်” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို၏ တာဝန်ရှိသူကပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသူ မြင့်အောင် အကြမ်းဖက်စစ်တပ်ထံသို့ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များ၊ PDF စခန်းတည်နေရာကို ထောက်လှမ်းပေးပို့ခြင်းများလည်း လုပ်ဆောင်သူဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *