ပခုက္ကူနှင့် ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူနှင့် ရေစကြိုမြို့မှ စစ်ကောင်စီတပ် စစ်ကြောင်းများအား ယမန်နေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ပခုက္ကူမြို့နှင့် ရေစကြိုမြို့နယ်ကြားရှိ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးကို မေလ ၂ရက် နေ့လယ်က တိုက်ခိုက်ခဲ့ရာ ရှစ်ဦးလုံးသေဆုံးပြီး သေနတ် ခုနစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ခုနစ်ဦးက နေရာမှာတင်သေတယ်။ ဒဏ်ရာရတဲ့တယောက်က ဆေးကုနေရင်းနဲ့သေတယ်။သေနတ်တွေကိုယူပြီးပြန်ဆုတ်ခွာခဲ့တယ်။အလောင်းတွေကို စစ်တပ်ကပြန်ဆွဲသွားတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် ရေစကြိုမြို့နယ်မှ တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ ဂိတ်မှ အင်အား ၅၀ခန့်​ဖြင့် စစ်ကြောင်းထွက်လာစဉ် မုန်ညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်သည်။

” တိုက်ခိုက်ခံရပြီးတဲ့နောက် ရွာတွေကိုဝင်ပြီးမွှေနှောက်နေတယ်။ ပန်းတိုင်းခြုံကိုလည်းမီးရှို့နေတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ အရပ်သားတွေထိမှာစိုးလို့ နောက်ဆုတ်ပေးထားတယ်”ဟု ရေစကြိုမြို့ ဒေသခံတစ်ဦးကပြောသည်။

‌တစ်ရက်တည်း နှစ်နေရာတိုက်ခိုက်ခံရပြီး ၁၀ ဦးအထိ သေဆုံးခဲ့ရသည့်ဖြစ်ရပ်ကြောင့် စစ်ကောင်စီသည် အကြမ်းဖက်တိုက်ခိုက်မှုများပိုမိုပြုလုပ်လာနိုင်ကြောင်း ရေစကြိုမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကသတိပေးသည်။ ထို့ကြောင့် ပခုက္ကူ-ရေစကြိုလမ်းပိုင်းကိုလည်း အထူးသတိထားအသုံးပြုကြရန် သတိပေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *