နောင်ချိုတွင် စခန်းပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်နေ

ဒေသအများအပြားကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီက ပြင်ဦးလွင်မြို့အနီး MDY-PDF သိမ်းထားသည့် စခန်းကို လေတပ်၊ ကြည်းတပ်ပေါင်းပြီး စစ်ထိုးနေသည်မှာ တစ်လကြာပြီ ဖြစ်သည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာတွင် တစ်လကြာ လက်လွှတ်ထားရသည့် အခြေစိုက်တပ်စခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။

စစ်တပ်မြို့ ပြင်ဦးလွင် ခေါ် မေမြို့နှင့် ၁၀ မိုင်ကျော်အကွာမှ ထိုစခန်းကို ဧပြီ ၁၅ ရက်နေ့တွင် ဆုံးရှုံးလိုက်ရစဉ် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ လက်နက်အများအပြားလည်း ဆုံးရှုံးခဲ့သည်၊ နောက်တစ်နေ့တွင် ကြည်းတပ်နှင့် လေတပ်ပေါင်းကာ ပြန်လည်ထိုးစစ်ဆင်နေသည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

“နေ့စဉ် ထိတွေ့မှုရှိနေပါတယ်” ဟု ကိုအော်စမွန်က ပြောသည်။

တစ်လတာအတွင်း ကြည်းတပ်အင်အားအများအပြားနှင့် လေကြောင်းတိုက်ခိုက်မှု ၄၀ ကျော်အထိ ရင်ဆိုင်ခဲ့ရသည်ဟု MDY-PDF က ဆိုသည်။

လေတပ်က သုံးသည့် လက်နက်တွင် အဆိပ်ဓာတ်ငွေ့ဗုံးများ ပါဝင်သဖြင့် ရှေ့တန်းစစ်မျက်နှာမှ တပ်ဖွဲ့ဝင်ရဲဘော်များ မူးမော်အော့အန်ခဲ့သည်ဟု MDY-PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီကလည်း ထိုတိုက်ပွဲတွင် ထိုလက်နက်သုံးသည်ဆိုသော သတင်းမှာ မှားယွင်းနေသည်ဟု သတင်းထုတ်ထားသည်။

ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက် ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ စစ်ကောင်စီ၏ သံဘိုရွာစခန်းနှင့်၊ ကျောက်မဲလေးစခန်းတို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် MDY-PDF က ပူးပေါင်း သိမ်းပိုက်ထားသည်။

၁၀၂၇ စစ်ဆင်ရေးရပ်သွားချိန်တွင် MDY-PDF က သရက်ကုန်းရွာ စစ်စခန်းကို သိမ်းပိုက်လိုက်ရာ နယ်မြေစိုးမိုးမှုမှာ ပြင်ဦးလွင်ဘက်သို့ ပို၍နီးကပ်လာခဲ့သည်။

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်မှု

တရုတ်၏ ဖိအားကြောင့် ၁၀၂၇ စစ်ဆင်ရေးတွင် အဓိက ပါဝင်နေသော အဖွဲ့များက စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် ရှမ်းပြည်နယ်အတွင်း အပစ်ရပ်ရန် သဘောတူလိုက်သည်။

သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားနယ်မြေများသို့ လက်နက်ကြီးကျည် ကျရောက်နေကြောင်း တအာင်း/ပလောင်တပ် TNLA က ပြောဆိုသည်။

မေလ ၁၀ ရက်နေ့က တပ်မ ၃၃ လက်အောက်ခံ အမှတ် ၁၁၁ ခြေမြန်တပ်ရင်းစခန်းက အုမ္မသီးကျေးရွာမှ သုံးဆယ်ကျေးရွာဘက်သို့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်၊ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့ရုံး တာဝန်ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ လက်နက်ကြီးတွေ ပစ်ခတ်သွားတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီးတော့ ၄ ဦးဒဏ်ရာရသွားပါတယ်။ ကျွန်မတို့နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး” ဟု ထိုတာဝန်ခံအမျိုးသမီးက ဆိုသည်။

သုံးဆယ်ကျေးရွာမှ ဦးစံရွှေ၏ နေအိမ်ပေါ်သို့ ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၃ နှစ်အရွယ် ဦးစံရွှေ၊ ၂၄ နှစ်အရွယ် မဝင်းဝင်းပြုံးတို့ သေဆုံး၊ မိသားစုဝင် ၄ ဦး ထိခိုက်သွားသည်။

၎င်းတို့၏ အမှတ် ၂ စစ်ဒေသတွင် ပါဝင်သည့် နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“သူတို့ ဘာရည်ရွယ်ချက်နဲ့ ပစ်ခတ်တယ်ဆိုတာတော့ ကျွန်မတို့မသိဘူး။ လက်ရှိမှာတော့ အရပ်သားတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်ပစ်ခတ်တာမျိုးတွေရှိနေတယ်။ လက်ရှိကတော့ သူတို့ရဲ့လုပ်ဆောင်ချက်၊ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်နေတာရှိပါတယ်။ စစ်ကောင်စီက လူအခွင့်အရေးတွေ ချိုးဖောက်နေတာဖြစ်တယ်” ဟု သူက ဆိုသည်။

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်၊ စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု သူက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။

TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့သူ အများအပြားရှိသလို ပူးပေါင်းဆောင်ရွက်နေသူလည်း အများအပြားရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြားက အလှည့်ကျ ထိုးစစ်ဆင်နေရာ အင်အားစုစည်းနိုင်ခြင်းမရှိသည့် စစ်ကောင်စီက တပ်စခန်းအများအပြား လက်လွှတ်လိုက်ရသည်။

ယခုအခါ စစ်ကောင်စီက လေတပ်ကို အားပြုပြီး တိုက်ခိုက်နေရာ လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ပေါ်နေသည့် ဒေသများထဲတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ ပါဝင်သည်ကို တွေ့နေရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *