ရေစကြို၊ဂွေးချိုပျူရွာကို နှစ်ရက်ဆက် ဗုံးကြဲ၊ ပျူခေါင်းဆောင်ဘုန်းကြီး၏ လက်ထောက် ပျံလွန်ကာ ၁၄ ဦး ဒဏ်ရာရ ဟုဆို

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုပျူစောထီးရွာကို ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ ပျူစောထီးခေါင်းဆောင်ဘုန်းကြီး၏ လက်ထောက် ပျံလွန်၍ စစ်သားနှင့် ‌ပျူ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြိုင်ပကဖ သည် ဂွေးချို ပျူစောထီးရွာကို မေ ၁၃ရက်၊ နံနက် ကိုးနာရီခန့် မှ စ၍ ညနေ ငါးနာရီ ၀န်းကျင်အထိ အီနာဂါ ဗုံးသီး ၁၃လုံး နှင့် မေ ၁၄ ရက်နေ့တွင်လည်း အီနာဂါ ဗုံးသီး ၁၅ လုံး စုစုပေါင်း ၂၈ လုံး ကြဲခဲ့ခြင်း ဖြစ်ကြောင်း မြိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေးထံက သိရသည်။

“ ကျတော်တို့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ ဒရုန်းတွေကို သေနတ်နဲ့ လိုက်ပစ်တာ။ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်တာတွေ ရှိ‌ပေမဲ့ အထိအခိုက် မရှိခဲ့ပါဘူး” ဟု မြိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော်သုတက ပြောသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် ပျံလွန်သွားသည်မှာ ဂွေးချိုပျူစောထီးရွာမှ ပျူခေါင်းဆောင် ဘုန်းကြီး၏ လက်ထောက် ဖြစ်သူ ဘွဲ့ အမည် ဦးသောမဏ (လူအမည် သောင်းနိုင်လင်း) ဖြစ် သည်။

“ ကျတော်တို့ ပွဲပြီးလို့ သေချာ စုံစမ်းတဲ့ အချိန်မှ သိရတာပါ။ နှစ်ရက် တိုက်ခိုက်တာမှာ ဘယ်ရက်မှာ သေသလဲတော့ အတိအကျ မသိရဘူး။ ဂွေးချိုမှာ ဘုန်းကြီး က ဦးဆောင်နေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဂွေးချိုပျူစောထီးရွာတွင် ပျူအင်အား ၁၅၀ ကျော်ရှိပြီး ကျေးရွာအတွင်း၌ ပျူစောထီးမိသားစု၀င်များ သာ ကျန်ရှိတော့ကြောင်း သိရသည်။

“ ဂွေးချိုက ပျူအင်အားလည်း များတယ်။ နောက်ပြီး ရွာထဲ ကျန်တာလည်း ပျူတွေနဲ့ ဆက်စပ်တဲ့ သူတို့ မိသားစု၀င်တွေပဲ။ ကျန်တဲ့ ပြည်သူတွေက မနေရဲကြတော့ ထွက်ပြီးကြပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခင်လများက ဂွေးချိုပျူရွာမှ ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး ယခုလတွင်မူ ပစ်ခတ်မှု နည်းသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *