ဥယျာဥ်မှူးစစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးကို ဥယျာဥ်မှူးစစ်ဆင်ရေးအဖြစ် မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း YGN UG မြို့ပြပြောက်ကျားအဖွဲ့က ယမန်နေ့ (မေလ ၁၅) အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က ည ၉ နာရီ ၄၃ မိနစ် အချိန်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း YGN UG က ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ပျူစောထီးနှင့် စစ်ကောင်စီ ဝင်အချို့ ထိခိုက်မှုရှိနိုင်ကြောင်း YGN UGအဖွဲ့က ဆိုသည်။

“တနေ့ညက ရွှေနံ့သာအုပ်ကြီးရုံးမှာ ဗုံးပေါက်တာပါ။ ည ၁၀နာရီလောက်ကြီးပေါက်တာ။ လူထိခိုက်တာ ရှိ၊မရှိတော့ သေချာမသိဘူး။ အုပ်ကြီးရုံးမှာက ပျူတွေနဲ့ ကင်းစောင့်တဲ့ စစ်သားအချို့ အမြဲရှိတယ်။ ဗုံးပေါက်ပြီးပြီးချင်း စစ်ကားတွေ၊ ရဲကားတွေအပြင် ဆိုင်ကယ်တွေနဲ့ပါ ရပ်ကွက်တွေကိုပတ်ပြီး စစ်ဆေးသွားတယ်” ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ဆက်လက်၍လည်း ဥယျာဥ်မှူးစစ်ဆင်ရေးအဖြစ် မြို့ပြစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း YGN UG အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်ကလည်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို မြို့ပြပြောက်ကျားအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

(ပုံစာ – ပြီးခဲ့သည့် ဧပြီ ၃ ရက်က ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *