စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယအစိုးရကို JFM တောင်းဆို

အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်အဖွဲ့ဝင်တွေကို ကာကွယ်ရေးဆိုင်ရာအခမ်းအနားတွေ ဖိတ်ကြားတာနဲ့ လေ့ကျင့်သင်ကြားပေးတာတွေကို တက်တက်ကြွကြွလုပ်ဆောင်နေတယ်လို့ Justice For Myanmar (JFM) က မေလ ၁၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့တဲ့ အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာ ဗိုလ်လောင်း တစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ဗိုလ်လောင်းတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ဆီ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချနေတာအားလုံးကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံကို JFM က တောင်းဆိုထားပါတယ်။

ဒါ့အပြင် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့တဲ့ Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး (GMC) မှာလည်း မြန်မာနိုင်ငံရေတပ်ချုပ် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane ဟာ ၂၀၂၃ ခုနှစ် ဇွန်လက မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာ့ရေတပ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နဲ့ပါ အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ ပတ်သက်တာတွေကို ညွှန်ပြနေတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ” လုပ်ဆောင်နေချိန်နဲ့ လုပ်ဆောင်အပြီး နှစ်တွေအတွင်းမှာလည်း စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်တာတွေကို အိန္ဒိယက ဆက်လက်ပံ့ပိုးနေတယ်လို့ JFM က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အိန္ဒိယလေတပ်က ရန်ကုန်မြို့က မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ် ပြုပြင်ထိန်းသိမ်းရေးဌာနကို “ကာကွယ်ရေးပစ္စည်းများ” လို့အမည်တပ်ပြီး ပစ္စည်းအရေအတွက် ၅၂ မျိုး တင်ပို့ခဲ့တယ်လို့ JFM က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယ၊ အမှတ် (၃) တပ်မမှူး Harjeet Singh Sahi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)


Comments

Leave a Reply

Your email address will not be published. Required fields are marked *