ရွှေမှော်၊ ပယင်းမှော်များရှိရာ တနိုင်းမြို့နယ်မှ အရေးကြီး စစ်စခန်းကို KIA ပြန်သိမ်း

၆ နှစ်ကြာ လက်လွှတ်ထားခဲ့ရသည့်၊ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် တည်ရှိသည့် နမ်ဗျူစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း နမ်ဗျူစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ယမန်နေ့ (မေလ ၁၆ ရက်) နံနက်တွင် သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ထိုစခန်းသည် KIA ၏ လှုပ်ရှားနယ်မြေကိုသာမက ဒေသတွင်း ရွှေမှော်၊ ပယင်းမှော်များကိုပါ ထိန်းချုပ်ထားနိုင်သည့် နေရာတွင် တည်ရှိသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နမ်ဗျူ၊ နမ်ခမ်းဘက်မှာ ရွှေမှော်တွေရှိတယ်၊ နောက် ပယင်းမှော်တွေရှိတယ်၊ ဆိုတော့ စီးပွားရေးအရလည်း အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး တပ်ရင်း ၁၄ နယ်မြေကို ထိန်းချုပ်ထားနိုင်တဲ့ စခန်းဖြစ်တဲ့အတွက် အရေးကြီးတဲ့စခန်းတစ်ခုဖြစ်ပါတယ်” ဟု သူက ပြောသည်။

မြို့အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် နမ်ဗျူစခန်းကို စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်ကာ သိမ်းပိုက်ခဲ့သည်။

ရွှေနှင့် အရည်အသွေးမျိုးစုံရှိသော ပယင်းကျောက်များ တူးဖော် ရောင်းဝယ်ကြသည့် ထိုဒေသတွင် အနယ်နယ်အရပ်ရပ်မှ သွားရောက်လုပ်ကိုင်သူများ ရှိပြီး စခန်းထိုင် စိုးမိုးနိုင်သည့် လက်နက်ကိုင်အဖွဲ့က ထိုလုပ်ငန်းများမှ ငွေကြေးတောင်းခံလေ့ရှိသည်။

စစ်တပ်က ထိုစခန်းတွင် ၆ နှစ်ကြာ စခန်းထိုင်ခဲ့ရာ အမှတ် (၂၆၀) နှင့် (၂၉၇) ခြေလျင်တပ်ရင်းတို့မှ အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် တပ်စွဲထားသည့် စခန်းဖြစ်သည်။

ထိုစခန်းကို KIA က တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ရယူလိုက်ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံး၊ ဒဏ်ရာရမှု အခြေအနေများကို မသိရသေးပေ။

မေ ၇ ရက်နေ့တွင် စတင် ပေါ်ပေါက်လာသည့် မိုးမောက်နှင့် မံစီမြို့နယ်ထဲရှိ တိုက်ပွဲများမှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ငြိမ်သက်နေရာမှ ယနေ့ (မေလ ၁၇ ရက်) နံနက် ၅ နာရီခန့်မှ စတင်ကာ KIA က တိုက်ခိုက်နေသည်ဟု သိရသည်။

မံစီနှင့် မိုးမောက်မြို့တို့ကို KIA နှင့် ပူးပေါင်းတပ်များက လတ်တလော ထိန်းချုပ်ထားပြီး မိုးမောက်မြို့အနီးရှိ အမှတ် (၄၃၇) ခြေမြန်တပ်ရင်းနှင့် မံစီမြို့အနီးရှိ အမှတ် (၆၀၁) နှင့် (၃၁၉) ခြေမြန်တပ်ရင်းတို့ကို ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှု ပိုမိုများပြားလာသလို တိုက်လေယာဉ်တစ်စီးက မိုးမောက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကပ်လျက်တည်ရှိသည့် ဗန်းမော်မြို့မှ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ရက်တွေက တစ်နေ့နည်းနည်းပဲ ပစ်တယ်၊ တိုက်ပွဲနားနေတော့ သိပ်မပစ်ဘူး၊ ဒီနေ့တော့ မနက်ကတည်းက ဆော်လိုက်တာ၊ တောက်လျှောက်ပဲ၊ အခုထိ မရပ်သေးဘူး” ဟု အဆိုပါ အမျိုးသားက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

တိုက်ပွဲမဖြစ်မီ မေလဆန်းကတည်းက အဆိုပါမြို့များမှ ဒေသခံတို့မှာ ဗန်းမော်နှင့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်သွားသည်၊ ယခု လူမရှိသလောက်ဖြစ်နေပြီဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။

ထို့ပြင် ပူတာအိုမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာသောကြောင့် မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အစိုးရဝန်ထမ်းတချို့နှင့် ဒေသခံတချို့ တိမ်းရှောင်သွားကြသည်ဟုလည်း ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ပူတာအိုဘက်ကနေ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်း ဆွမ်ပရာဘွမ်ဘက်ကို ဆင်းသွားတယ်ဆိုတဲ့သတင်းပဲရှိပါတယ်၊ အဲဒါကို ကျွန်တော်တို့ဘက်ကနေ လမ်းခုလတ်မှာ ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေတော့ ရှိပါတယ်” ဟု သူက ပြောသည်။

အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေသည့် ကချင်ဒေသထိုးစစ်အတွင်း KIA နှင့်အတူ အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြသည်။

ပူးပေါင်းတပ်ဖွဲ့သည် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *