ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ

(ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြေပြင်တိုက်ပွဲပြင်းထန်နေဆဲ)

ရခိုင်ပြည်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အာရက္ခတပ်တော်(AA)က မေလ ၁၇ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို AA က လိုက်လံရှင်းလင်းနေ၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။

“ကျန်နေသေးတဲ့ တပ်ရင်းနှစ်ခုနဲ့ ဘူးသီးတောင်ဗျူဟာကို အပြင်းအထန်ထိုးစစ်ဆင်ပြီး အေအေက သိမ်းလိုက်ပြီ။ ဘာစခန်းမှ မကျန်တော့ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်သားတချို့ ပြန့်ကြဲထွက်ပြေးနေတာရှိတယ်။ ဒါတွေကို အေအေက လိုက်ရှင်းပြီးတိုက်ပွဲဖြစ်နေတာ။ အခု စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက် ၁၀ နာရီအချိန်တွင်ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ဘူးသီးတောင်ဗျူဟာနှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈)၊ စကခ (၁၅)နှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၃၄၅ )၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများ ရှိသည်။

ယင်းအထဲမှ ခမရ (၅၅၂) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်၊ ခမရ (၅၆၄) ကို ဧပြီလ ၅ ရက်၊ ခမရ (၅၆၅) ကို ဧပြီလ ၂၄ ရက်၊ စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်ကို မေလ ၂ ရက်၊ ခမရ (၅၅၁) ကို မေလ ၃ ရက်၊ ခမရ (၃၄၅) နှင့် (၃၅၂)ကို မေလ ၁၃ ရက်နှင့် ကျန်တပ်ရင်းများကို မေလ ၁၇ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မြို့ပေါ်မှာ အေအေက အလံထောင်ထားပြီလို့ သိရတယ်။ ပြီးတော့ စစ်ပွဲအတွင်း ရပ်ကွက်တချို့လည်း မီးလောင်နေတဲ့နေရာတွေရှိတယ်။ ဘယ်ရပ်ကွက်တွေလဲတော့ စုံစမ်းနေဆဲပါ။ စစ်ကောင်စီက အခု လေယာဉ်နဲ့ ဗုံးကြဲနေတယ်” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြို့ပေါ်မှ ရပ်ကွက်အချို့တွင် မီးလောင်ကျွမ်းလျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုကို DMG က စုံစမ်းနေဆဲ ဖြစ်သည်။ ဘူးသီးတောင်မြို့တစ်ခုလုံး ယနေ့နံနက်တွင် မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်‌ကျော်မိုးက သူ့၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲအတွင်း ပလက်ဝအပါအဝင် မြို့နယ် ၉ ခုကို AA က အပြီးသတ် သိမ်းပိုက်ထားသည်။ လက်နက်ချအညံ့မခံသေးသည့် စစ်ကောင်စီတပ်စခန်းများအား ဆက်လက် တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်များ သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေသည်။

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်သည်။

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြသည်။

မေလ (၁၄) ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့သည်။

မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ မိမိတို့အားတိုက်ခိုက်နေသော စစ်သွေးကြွဘင်္ဂလီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများ နှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း “အထူး” သတိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *