ရှမ်းပြည်တွင်း ခေါ်ယူနေတဲ့ စစ်မှုထမ်းတွေမှာ ဆေးသမားနဲ့ သူခိုးအများဆုံးပါဝင်

စစ်ကောင်စီက ရှမ်းပြည်တွင်း ခေါ်ယူနေတဲ့ စစ်မှုထမ်းတွေမှာ ဆေးသမားနဲ့ သူခိုးအများဆုံးပါဝင်

စစ်ကောင်စီရဲ့ ရှမ်းပြည်တွင်း စစ်သင်ပေးနေတဲ့ သင်တန်းသား စစ်မှုထမ်းတွေဟာ ရပ်ရွာတွင်း အလုပ်အကိုင်မဲ့ ဆေးသမားနဲ့ သူခိုးတွေသာ အများဆုံးဖြစ်တယ်လို့ ဒေသတွင်း သင်တန်းသားတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီက စစ်အခြေခံသင်တန်းကို ရှမ်းပြည်အနှံအပြားမှာ ဖွင့်လှစ်နေရာ မြို့ပေါ်နဲ့ ကျေးရွာတွေက အိမ်ခြေမဲ့ ဆေးသမားနဲ့ သူခိုးတွေကို အများဆုံးခေါ်ပြီး စစ်သင်တန်းပေးနေတာပါ။

ရှမ်းတောင် ဘောဆိုင်မြို့က ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က လူလာခေါ်သွားတာ အိမ်ခြေမဲ့ လမ်းဆုံလမ်းခွနဲ့ ဇရပ်ပျက်တွေမှာ နေထိုင်ကြတဲ့ မူးယစ်ဆေးသုံးဖို့အတွက် ရပ်ကွက်တစ်ကာ လှည့်လည်ခိုးနေတဲ့ သူခိုးတွေပါသွားတာ”လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်သင်တန်းကို အခြေခံ ၁၅ ရက် နဲ့ နောက် ၃၀ ရက် စုစုပေါင်း ၄၅ ရက် သင်ကြားပေးပြီး တိုက်ပွဲအတွင်းလွတ်တာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ဖို့အတွက် မြို့တိုင်းလိုလိုက ၁ အိမ်ထောင် ကျပ် ငွေ ၂ သောင်းအပြင် သီးခြားငွေ စုဆောင်းပေးရတာရှိပြီး သင်တန်းမသွားချင်သူက ငွေ ၃ သိန်းနဲ့ အထက် ပေးနေရတာလို့ သိရပါတယ်။

“ရွာမှာ ဘာမှ သုံးစားမရတဲ့ ဆေးသမား၊ ငွေပေးပြီးတက်ခိုင်းရတာ၊ သူတို့အနေနဲ့က ငွေလဲရ၊ ဆေးလဲပြတ်ဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါပေမယ့် ရှေ့တန်းမှာ ဆေးလဲအလွယ်ရနေလို့ လိုက်သွားတဲ့သူတွေလဲရှိတယ်” လို့ သင်တန်းပို့ခံရတဲ့ မိသားစုဝင် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ရှေ့တန်းမှာ ကျဆုံး၊ ထွက်ပြေး၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချတဲ့ တပ်သားများလာတာနဲ့အမျှ မြန်မာနိုင်ငံအနှံအပြား မရရတဲ့နည်းနဲ့ စစ်သားစုဆောင်းနေတာဖြစ်ပြီး စစ်မှုထမ်းဖို့ မြို့ရွာတွေမှာ နည်းမျိုးဆုံနဲ့ ငွေကြေးကောက်ခံနေတာဖြစ်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ မညီဘဲ အတင်း အဓမ္မဖမ်းဆီးက စုဆောင်းထားတဲ့သူတွေနဲ့ တွေ့ရာအတင်း အိမ်ပေါ်တက်စွဲလာတဲ့သူတွေကို ရှမ်းပြည်အရှေ့ပိုင်းမှာတော့ ကျိုင်းတုံ၊ ရှမ်းတောင်မှာ ကျိုင်းတောင်း၊ ဟိုပုံး၊ ရပ်ဆောက်မြို့တွေက သင်တန်းကျောင်းတွေမှာ စစ်သင်တန်းပို့ချနေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *