မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

MSRF နဲ့ MSDF တို့ ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်တဲ့အထိ တိုက် ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနဲ့ ပြည့်ဝတဲ့ မွန်ပြည်ထူထောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ သဘောတူခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက နှစ်ဘက်တပ်တွေ သဘောတူညီထားတဲ့ ကြေညာချက်အတိုင်း ပူးပေါင်းမှုတွေ အများကြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“သဘောတူညီချက်အတိုင်းပဲ ထုတ်ပြန်ကြေညာထားတဲ့အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှုတွေ အ များကြီးလုပ်ဆောင်နေတာ ရှိပါတယ်။ သင်တန်းတွေလည်း အတူတကွတက်ရောက်နေတာတွေ ရှိပါတယ်။ အဲဒါအပြင် အခြားသော တော်လှန်ရေးမွန်ပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ဆွေးနွေးတာတွေရှိတယ်”လို့ ဆိုပါတယ်။

မဟာမိတ်တပ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ သဘောတူထားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ဟာ အခြေခံစစ်သင်တန်းတွေနဲ့ စစ်ပစ္စည်းထုတ် လုပ်ရေးလုပ်ငန်းတွေမှာ အတူတကွလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်သွားဖို့နဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ပေါ်ပေါက်လာရင် မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားဖို့ကိုလည်း သဘောတူထားကြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကလည်း လောဆယ်မှာ အခြေခံစစ်သင်တန်းနဲ့ စစ်ရေးနည်းပညာသင်တန်းတွေ ပူးတွဲပို့ချသင်ကြားနေပြီး အသေးစိတ်ကိုတော့ စစ်ရေးလုံခြုံမှုအရ သင်တန်းအောင်မြင်ပြီးမှသာ ထုတ်ပြန်မယ်လို့အတည်ပြုပါတယ်။

ဒါ့အပြင် နှစ်ဘက်တပ်တွေရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောပါတယ်။

“စစ်ရေးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ MSDF MSRF အထူးတပ်ဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဖို့ လက် တွေ့လုပ်ငန်းတွေ စီစဉ်ချမှတ်နေတာလည်း ရှိပါတယ်။ ဒါကြောင့်မို့ မွန်ပြည်စစ်မျက်နှာတစ်ခုလုံး မဟာဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုတွေမှာ MSDF နဲ့ MSRF ပူးပေါင်းထားတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ဖွဲ့လည်း မကြာခင်ဖွဲ့စည်းလှုပ်ရှားသွားဖို့ အမြန်ဆောင်ရွက်နေပါတယ် ခင်ဗျာ”လို့ ဆိုပါတယ်။

မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုကိုရည်ရွယ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

အဲဒီတွေ့ဆုံဆွေးနွေးမှုတွေကတဆင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦး ဆောင်ကော်မတီ တာဝန်ရှိသူအချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ ပါဝင်ပြီး နိုင်ငံရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူသွားဖို့ ဧပြီပထမပတ်မှာ သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဘက်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD တို့ နိုင်ငံရေး၊စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဧပြီ ၂၃ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ပါတယ်။

သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီAD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေး၊စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတွေမှာ ပူးပေါင်းအကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြောထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *