ဒေါနတောင်ပေါ်တက်လာသည့် အောင်ဇေယျစစ်ကြောင်း အကျအဆုံးများနေ

မြဝတီမြို့ သင်္ကန်းညီနောင် ပြန်လည်ရရှိရေးချီတက်လာသော အောင်ဇေယျစစ်ကြောင်းသည် မေလ ၁၆ ရက်မှ ၁၈ ရက်အထိ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ၃ ရက် ဆက်တိုက် ဒေါနတောင်တန်းကိုဖြတ်ကျော်ရန် ကြိုးစားသော်လည်း မကျော်နိုင်သေးဘဲ အထိအခိုက်အကျ အဆုံး များနေကြောင်း သတင်းရရှိသည်။

မေလ ၁၆ ရက်ကစ၍ အောင်ဇေယျစစ်ဆင်ရေး မြဝတီ ကော့ကရိတ်လမ်းဟောင်းအတိုင်းတက်လာသော စစ်ကောင်စီစစ်ကြောင်းတကြောင်းမှာ အထိအခိုက်များသည့်အတွက် ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားခဲ့ပြီး တောလမ်းအတိုင်း ကွင်းကလေးကျေးရွာဘက်မှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် နောက် ပြန်ဆုတ်သွားရသည်ဟု ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တချို့က ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက “အင်အားက အတော်နည်းသွားတာလား ခွဲပြီးတော့ တက်လာတာလား မသိဘူး။ အရင်က တက်လာရင် ၇၀၊ ၈၀ လောက်ရှိတယ်။ အခုရက်ပိုင်းတက်လာတဲ့ စစ်ကြောင်းတွေမှာတော့ ၃၀၊ ၄၀ လောက်ပဲ ရှိတော့တယ်” ဟု ဆိုသည်။

မြဝတီ သင်္ကန်းညီနောင် ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီသည် တပ် မ ၅၅၊ ၄၄ နှင့် အမှတ် (၁၂) စစ်ဆင်ရေး ကွပ် ကဲမှု ဌာနချုပ် စသည့် တပ် မ ၃ ခု ပေါင်း၍ သံချပ်ကာတပ်၊ ဒရုန်းတပ်နှင့် လေတပ်တို့ ဝန်းရံကာ ဧပြီ လ ၉ ရက်ကစ၍ မော်လမြိုင်မြို့မှ မြဝတီမြို့သို့ ချီတက်လာခဲ့သည်။

ထိုသို့တပ်မ ၃ ခုဖြင့် ချီတက်လာသော အောင်ဇေယျစစ်ကြောင်းကို KNLA/PDF တပ်ပေါင်းစုက ဒေါနတောင်ခြေမှ စတင်တိုက်ခိုက်နေသည့်အတွက် တလကျော်ကြာသည်အထိ ဒေါနတောင်အား မကျော်နိုင်ဖြစ်နေသည်။

တလကျော်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှ တပ် ၅၅ သည် ဖွဲ့စည်းပုံ ပျက်သည်အထိ ထိခိုက်အကျ အဆုံးများနေသည့်အတွက် တပ်မ ၇၇ အား ထပ်မံ အင်အားဖြည့်ထည့်ခဲ့ရကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *