သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့ နှင့် ငပလီကမ်းခြေမြို့တို့မှ ဌာနဆိုင်ရာများသည် ယခုတပတ်အတွင်း အရေးကြီးစာရွက်စာတမ်းများကို သိမ်းဆည်း ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။

သံတွဲမြို့၏ မြောက်ဘက် မိုင် ၂၀ အတွင်း ခပ်စိပ်စိပ်ဖြစ်ပွားလာနေသည့် တိုက်ပွဲများကြောင့် သံတွဲမြို့ပေါ်ရှိ ဌာနဆိုင် ရာ ရုံးပစ္စည်းနှင့် စာရွက်စာတမ်းများ၊ ဝန်ထမ်းနေအိမ်များမှ ဝန်ထမ်းများ နေရာပြောင်းရွှေ့ခြင်း၊ သူဌေးချောင်း ရေအား လျှပ်စစ်မှ လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တရားများကို ပြည်မဘက်သို့ ရွှေ့ပြောင်းခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်း သံတွဲနှင့် ဂွမြို့မှ မျက်မြင်သတင်းရင်းမြစ်များက ပြောသည်။

သံတွဲ- ရန်ကုန် ကားလမ်းပေါ်ရှိ ဂွမြို့မှ ဒေသခံတဦးက “သံတွဲဘက်လာတဲ့ အိမ်ထောင်ပြောင်း ကားကြီး၊ ကားငယ် တွေ ရန်ကုန်ဘက်ကို နေ့တိုင်း သွားနေတယ်။ တွဲကားတွေက ဘက်ဟိုးစက်ကြီးတွေ တင်ပြီးသွားတယ်။ မြေသယ် ကား ကြီးတွေဆို တခါတောင်မမြင်ဖူးတဲ့ ကားမျိုးအကြီးကြီးတွေတောင် ပါတယ်။ ရန်ကုန်ဘက်ကိုသွားနေတာ နေ့တိုင်းပဲ” ဟု ပြောသည်။

အလားတူ သံတွဲမြို့မှ ဒေသခံတဦးကလည်း “ရေအားက စက်ကြီးတွေနဲ့ ဝန်ထမ်းစစ်ရှောင်တွေကို လေးမျက်နှာကုန်း ဓမ္မာရုံမှာထားတာ။ အခု ဘာမှမရှိတော့ဘူး။ အကုန်ပြောင်းကုန်ကြပြီ၊ ရန်ကုန်ဘက်ကို ပြောင်းနေတာ မြင်လို့ ထိုင်ရေ ထားတာတောင် ကားအစီးရေ စုစုပေါင်း ၄၈ စီးရှိတယ်၊ မကုန်သေး” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ ပြည်မသို့ ဝင်ထွက်ရာ လမ်းကြောင်း ၃ ခုအနက် တောင်ဘက်အကျဆုံး ဂွတောင်ကြားလမ်းကို အသုံး ပြုကာ ရွှေ့ပြောင်းနေကြခြင်းဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးဂိတ်များက ယင်းအိမ်ပြောင်းကားများနှင့် အိမ် စီးကားလေးများကို အချိန်အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပြုနေကြောင်း ၎င်းက ဆက်ပြောသည်။

သံတွဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နီးစပ်သူတဦးက “သံတွဲက စာရွက်စာတမ်းထက်ဝက်လောက်ကို ကျိန္တလီ လောက်ကို ပို့နေတယ်လို့ကြားတယ်။ တချို့ဌာနတွေကို လျှို့ဝှက်အစည်းအဝေးခေါ်ပြီး အရးကြီး စာရွက်စာတမ်း တွေကို ကိုယ်နဲ့မကွာဆောင်ထားဖို့ ပြောနေတယ်” ဟု ပြောသည်။

အလားတူ ငပလီကမ်းခြေမြို့ရှိ ဌာနဆိုင်ရာရုံးအချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများလည်း ပိတ်ထားကြောင်း ဒေသခံတဦးက ပြောသည်။

ငပလီဒေသခံတဦးက “ရုံးထဲက အရေးကြီးတာတွေကိုယူပြီး တနေရာကို ပို့ရတယ်လို့ပဲသိတယ်။ ပြီးတော့ ရုံးတွေကို အကုန်ပိတ်ထားတာ၊ ဘာကြောင့်ဆိုတော့ မသိရသေး” ဟု ပြောသည်။

သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်ကြား ဧပြီလ ၁၃ ရက်က စတင်ကာ တိုက်ပွဲများ ခပ်စိပ် စိပ်ဖြစ်ပွားနေပြီး တလအတွင်း တိုက်ပွဲ ဆယ်ကြိမ်ဝန်းကျင်ခန့် ရှိပြီဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများကို လေကြောင်းဗုံးကြဲခြင်း၊ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ သံတွဲမြို့ ပေါ်ရပ်ကွက်နှင့် အနီးဆုံးတွင် ထိုင်ထားသည့် ဟောင်ဝှစ်ဇာအမြောက်များဖြင့် ပစ်ကူခြင်းများ နေ့ရောညပါ အဆက် မပြတ် ပြုလုပ်လျက်ရှိကာ အရပ်သားသေဆုံးမှုလည်း တိုးလာနေသည်။

မေလ ၁၈ရက် ညနေပိုင်းကလည်း ရေတပ်မှပစ်သည့် လက်နက်ကြီး ကျည်ခွံများ ငပလီမြို့ ရပ်ကွက်တချို့ပေါ် ကျ ရောက်ခဲ့ကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *