“လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်”- ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူ
“စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်၊သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ”-ကရင်စစ်ရေးရင်းမြစ်
ဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ တစ်လကျော်ကြာပိတ်မိနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အထိနာ၍လန်ကျနေပြီး ရှေ့တိုး၊နောက်ဆုတ်လုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူကပြောသည်။
“လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဒေါနတောင်ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး ရဲဘော်များ ဘေးကင်းသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထိခိုက်မှုများနေသော်လည်း ထိခိုက်မှုအရေအတွက်ကိုမူမသိဟု ၎င်းက ဆိုသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ရက် ၄၀ ကျော်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဇေယျစစ်ကြောင်း၏ အတွင်းသတင်းပေးချက်အရ အင်အား ၁,၂၀၀ခန့်ဖြင့် ချီတက်လာသော စစ်ကြောင်းမှာ တစ်လကျော်အကြာတွင် ၄၀၀ခန့်မှာ သေဆုံး၊ ဒဏ်ရာရထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းမှာ အင်အား( ၈၀၀)ခဝန်းကျင်သာ ကျန်ရှိတော့ကြောင်း အထက်ပါစစ်ရေးရင်းမြစ်ထံမှသိရသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် ဖိအားပေးခေါ်ယူစုဆောင်းခဲ့သော အပါတ်စဥ်(၁)သင်တန်းဆင်းပြီးစ စစ်သားသစ်များလည်းပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်သားများမှာ ထိခိုက်သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းကပြောသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူစုဆောင်းထားသော အပတ်စဥ်(၁)သင်တန်းဆင်းပြီးစ လူငယ်များအား မြေပြင်စစ်သင်တန်း ပေးရန်ဟု လိမ်လည်ပြောဆိုကာ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ဟု သတင်းရရှိထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“သိရတာက စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်။ သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ”ဟု ၎င်းက ပြောသည်။
အောင်ဇေယျစစ်ကြောင်းတွင် စစ်သားသစ်စုဆောင်းခံထားရသူများပါဝင်မှု အခြေအနေ၊သေဆုံးမှုအခြေအနေ ၊ထွက်ပြေးအလင်းဝင်သူအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကမေလဆန်းတွင်ပြောထားသည်။
အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ်တိုက်ပွဲသို့ စစ်ကူခွဲပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
ယင်းစစ်ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ သေဆုံးဒဏ်ရာရသူများပြီး ဖွဲ့စည်းပုံပျက်လုနီးပါးဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်ကောင်စီတပ်သားအင်အား ၁,၀၀၀ မှ ၁,၃၀၀ အတွင်းရှိနိုင်ကြောင်း စစ်ရေးရင်းမြစ်အချို့က ပြောသည်။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
Leave a Reply