စစ်​ကောင်စီက မြစ်ကြီးနားမှ ဝိုင်းမော်သို့ လက်နက်ကြီးဖြင့် ညပိုင်းအထိ ဆက်တိုက်ပစ်ခတ်​နေ (ရုပ်သံ)

KIA က ရွှေညောင်ပင် ခမရ(၃၂၁)တပ်ရင်းကိုသိမ်းပိုက်ရန်ထိုးစစ်ဆင်​နေပြီးတိုက်ပွဲများပြင်းထန်

ညဦးပိုင်း၌အတွဲလိုက် ဒုံးတင်ယာဉ်ဖြင့် အကြိမ်များစွာပစ်ခတ်နေဟု စစ်ရေးသတင်းရင်းမြစ် ပြော

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်း မြစ်ကြီးနားဒေသခံအချို့က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ(၃၂၁)တပ်ရင်းကို ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေခြင်းဖြစ်သည်။

“မြစ်ကြီးနားကနေ ဝိုင်းမော်ဘက်ကို ရမ်းပစ်တာ။ ဒီနေ့တောင်ခတ်ချို(၀ိုင်းမော်မြို့နယ်ရှိ ကျေးရွာ)က ရွာသားတွေ ၆ဦးသေ၊ ၁၁ဦး ဒဏ်ရာရတယ်။ လေယာဉ် တက်လိုက်၊ ဆင်းလိုက်နဲ့။ ဒရုန်းကြီးလည်း တက်ဆင်းလုပ်နေတယ်။

အခု(ည ၉နာရီ ၅၀မိနစ်ခန့်) ပြန်ကြားပြီ။ ဆက်တိုက် အသံကြားနေတာ။ အသံတွေက ကြောက်စရာ။ ဟုတ် အခု(ည ၉နာရီ ၅၇) ပိုများလာပြီ” ဟု မြစ်ကြီးနား ဒေသ ခံတစ်ဦးက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မြစ်ကြီးနားမှ ၀ိုင်းမော်ဘက်သို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု အခြေအနေကို လူမှုကွန်ရက်၌ အသိပေးထားရာ မြစ်ကြီးနားမြို့ မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တပ်၀န်း (၃)နေရာတွင် 240mm တင် ဒုံးကားရပ်ထားကာ ဝိုင်းမော်မြို့ ရွှေညောင်ပင်ရွာသို့ ည ၇နရီမှ စတင်၍ အလုံး ၁၀၀ ခန့် ပစ်ခတ်ခဲ့ဟု ရေးသားထားသည်။

မြစ်ကြီးနား ဒေသခံ အချို့ကလည်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု အခြေအနေကို ရုပ်သံမှတ်တမ်းဖြင့် အသိပေးထားရာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြစ်ကြီးနားမြို့ ကောင်းကင်ယံ၌ မီးအနီလုံးကြီး ထောင်တက်သွားသည်ကို ရုပ်သံ၌ တွေ့ရသည်။

ဝိုင်းမော်ဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်နေ၍ မြစ်ကြီးနားမြို့ဘက်ခြမ်း၌ အစစ်အဆေးတင်းကြပ်နေ​ကာ ယ​နေ့ ည​နေပိုင်းမှစ၍ မြို့အဝင်အထွက်ကိုပိတ်ထား​ကြောင်းစစ်​ရေးရင်းမြစ်အချို့က ပြောသည်။

မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာခြား​သော ဝိုင်း​မော်မြို့နယ်ရှိ စစ်တပ်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို KIA က ​မေ ၁၈ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်​နေရာ ​မေ ၂၀ ရက် မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း ၁၂ ခုထက်မနည်းသိမ်းပိုက် ရရှိထားသည်။

“ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါချီရွာ အဲဒီ တကြောလုံးမှာ တိုက်ပွဲဖြစ်တာရှိပါတယ်။ စကစ စစ်သားတွေ ရွာထဲမှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ မှာ သူတို့က နေရာယူထားတာကိုတော့ အကုန်လုံးရှင်းလင်းရေးလုပ်လိုက်ပါပြီ။ အဲဒီ ရပ်ကွက်အတွင်းမှာ မြို့တွင်းမှာကတော့ မရှိသလောက်ဖြစ်နေပြီ။ရွှေညောင်ပင် (၃၂၁) စခန်းကိုလည်း ကျနော်တို့ စစ်ဆင်နေတုန်းဖြစ်ပါတယ်။ နောက် ရွှေညောင်ပင်နားက ကချင်လိုခေါ်တာကတော့ လုံဇက်ဘွမ်ဆိုတဲ့ ပို့စ်တစ်ခုကိုလည်း သိမ်းပိုက်လိုက်ပြီ။ နောက် ကဇူးကိုလည်း မနေ့က သိမ်းပိုက်လိုက်ပြီ။ ဝိုင်းမော်မြို့ ရဲ့ အရှေ့ဘက် တရုတ်နယ်စပ်ဘက်မှာ တပ်စွဲထားတဲ့ ဝါးထောင်ဘွမ်ဆိုတဲ့ နေရာနဲ့ ဗျင်ပိုကောင်ဆိုတဲ့ တပ်စခန်းကိုလည်းမနေ့က အပြီးအပိုင် သိမ်းဆည်းရမိပါပြီ။ နယ်မြေရှင်းလင်းရေးလည်းလုပ်လိုက်ပါပြီ” ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ​မေ ၂၀ ရက်မနက်ပိုင်းတွင်ပြောသည်။

ကျန်နေသေးသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက် စစ်ဆင်ရေးလုပ်နေ၍ တိုက်ပွဲ ဆက်ဖြစ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

​မေ ၂၀ ရက်ည​နေပိုင်းတွင် KIA ကသိမ်းပိုက်ရန် ကျန်​နေ​သေး​သော ရွှေညောင်ပင် ခမရ(၃၂၁)တပ်ရင်းကို သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲများပြင်းထန်​နေခြင်းဖြစ်သည်။KIA က ခမရ (၃၂၁) နှင့် ခလရ (၅၈ )တပ်ရင်းတို့ ကို သိမ်းပိုက်နိုင်ပါက ဝိုင်း​မော်မြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်မည်ဖြစ်သည်။

KIA အနေဖြင့် မတ်လ ၇ရက်က စစ်ရှိန်မြှင့်သည့် ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကျော်သိမ်းပိုက်နိုင်ခဲ့သည်။ မေလဆန်းတွင်လည်း ဂီဒွန်၊ ဆမား၊ ကဂမ် အပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ မိုးမောက်၊ မံစီနှင့် ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်းများ၊ရဲစခန်းများကို တပြိုင်တည်း ထပ်မံ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်ရရှိခဲ့ပြီး ယခု စစ်ရှိန်ထပ်မြှင့်သည့် မေလ ၁၈ရက် ထိုးစစ်တွင်လည်း စစ်စခန်း ၁၂ခုထက်မနည်းရရှိထားသည်။ ထို့ကြောင့် စစ်ကောင်စီတပ်စခန်း ၁၀၀ ​ကျော်ကို KIAက စစ်ဆင်ရေး ၂လခွဲအတွင်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က မြစ်ကြီးနားမှ တိုက်ပွဲပြင်းထန်​နေ​သောဝိုင်း​မော်မြို့ ဘက်သို့ ​မေ ၂၀ ညတွင်လက်နက်ကြီးဖြင့်ပစ်ခတ်​နေစဥ်။ ။ ရုပ်သံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *