ရေစကြိုတွင် စစ်သား ၃၂ ဦးသေဆုံးသော တိုက်ပွဲ

ရေစကြို ရှိ ရွာ ၃ ရွာနှင့် PDF စခန်းကို အင်အား ၃၀၀ ကျော်ဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းမှုကို တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ရာ စစ်သား ၃၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာနှင့် PDF စခန်းကို စစ်အင်အား ၃၀၀ ကျော်ဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၂ ဦးသေဆုံးကြောင်း Southern YSO PDF မှ တာဝန်ခံ အောင်မောင်းကပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ နှင့် PDF စခန်းတစ်ခုကို ပခုက္ကူ ၁၀၁ တပ်နှင့် လက်အောက်ခံ တပ်များဖြစ်သော ခလရ ၂၃၅၊ ခမရ ၂၅၇၊ ခမရ ၂၅၈ စသည့် တပ်များမှ စစ်အင်အား ၃၀၀ကျော်ဖြင့် တစ်ချိန်တည်းဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုကို ပြည်သူ့ကာကွယ် ရေး ရဲဘော်တပ်များက စုပေါင်းခုခံခဲ့ရာ စစ်တပ်ဘက်မှ ၃၂ ဦးသေဆုံးခဲ့ပြီး လက်နက် ၉ လက်သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက မေလ ၁၇ ရက်နေ့ နံနက်ပိုင်း ဇီးတောရွာ၊ကျောက်ထပ်ရွာ၊သဲတောရွာ နှင့် Southern YSO PDF စခန်း နေရာ ၄ ခုတိတိကို အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊လက်နက်ငယ် မျိုးစုံတိုဖြင့် ပစ်အားကောင်းကောင်း စီးနင်းဝင်ရောက်လာခဲ့ကြောင်း၊ Southern YSO PDF က မဟာမိတ်တပ်များနှင့်အတူ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ၆၀ မမ အစစ် လက်နက်ကြီးဖြင့် ၂ လုံး စခန်းအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တုံ့ပြန်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၂၂ ဦး သေဆုံးပြီး အများအပြား ခြေပြတ်၊လက် ပြတ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က သေနတ်များ ပြန်လှန်မပစ်ခတ်နိုင်ဘဲ လုံးဝငြိမ်သတ် တိတ်ဆိတ်သွားခဲ့ကြောင်း သိရှိရသည်။

“စခန်းကို သတ်ကွင်းပြင်ထားတာ။ ဝင်လာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ထုတယ်။အော်တိုတွေဆွဲ တယ်။ အော်ဟစ်ဆဲဆိုပြီး ဝင်လာတာ။ ကျနော်တို့က သတ်ကွင်းကနေစောင့်နေတာ၊ မိုင်းဆွဲဖို့ ပေပါ ၈ လုံးထောင်တားတာ။ မိုင်းဆွဲတဲ့အချိန်မှာ ခွေးက ဦးပြီး မိုင်းကြိုးကို ဖြတ်လိုက်တာ။ အဲဒါကြောင့် ဒုတိယ ပလန်စီစဉ်တာ၊ ကျနော်တို့မှာ ၆၀ မမ အစစ်ပြောင်းရှိတယ်လေ။ အဲဒီအစစ်ပြောင်းနဲ့ မီတာ ၁၂၀၀ အကွာကနေ စခန်းကို တည့်ထုတာ။ မပစ်ခတ်ခင်ကတော့ ဝုန်းဒိုင်းနဲ့ပဲ၊ ပစ်ခတ်သံတွေ ဆူညံ နေတာ၊ ၆၀ အစစ်နဲ့ပစ်တဲ့အချိန် စခန်းထဲဝင်လာတဲ့ ခွေးမှန်သမျှက သေတဲ့ကောင်သေ၊ ဒဏ်ရာရတဲ့ ကောင်ဒဏ်ရာရ၊ လက်ပြတ်တဲ့ကောင် လက်ပြတ်၊ ခြေပြတ်တဲ့ကောင်ခြေပြတ် အကုန်ဖြစ်တာ၊ ပစ်ခတ်သံတွေလည်း တိတ်ဆိတ်သွားတာပဲ”ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းကပြောကြားသည်။

သေဆုံးသွားသော စစ်သား ၂၂ ဦး၏ အလောင်းများကို မေလ ၁၈ ရက်နေ့ ည ၁၂ နာရီမှ Southern YSO PDF စခန်းအတွင်းမှ ကား ၂ စီးဖြင့် ပြန်လည် သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက နောက်ဆုတ်နေရာယူပြီး စစ် ကြောင်း ၂ ကြောင်းဖြင့် ခုခံ စစ် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန် ရှေ့ပြေးကင်းတက်လာသော ဗိုလ်ကြီးထွန်းလင်းသူအပါ ပေါင်း ခွေးဆယ်ကောင် ကို မျက်နှာချင်းဆိုင် အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှေ့ပြေး ကင်း စစ်သား ၁၀ ဦးလုံး သေဆုံးခဲ့ပြီး လက်နက် ၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ သေဆုံးသွားသော စစ်သား ၁၀ ဦးအလောင်းများကို လာရောက်ယူဆောင်ခြင်းမရှိသေးဘဲ လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် MA1 ၃ လက်၊ MA2 ၁ လက်၊MA3 ၁ လက်၊ G3 ၄ လက်၊ အာပီဂျီ ထိပ်ဖူး ၁ ဖူး၊ ကျည်မျိုးစုံ ၄၀၀ ကျော်၊ ဦးထုပ် ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ရဲဘော်တွေနောက်ပြန်ဆုတ်ပြီး စစ်ကြောင်း ၂ ကြောင်းခွဲလိုက်တယ်။ ကျနော်တို့ခွဲထား တဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ သူတို့ရှေ့ပြေးကင်းထွက်လာတဲ့ ၁၀ ယောက်ပေါ့၊ ၁၀ ယောက်ဆိုတာ ကျနော်တို့ ၆၀ လက်နက်ကြီးနဲ့ ပစ်လို့ လက်ကောက်ဝတ်ကနေ တုံးတိပြတ်သွားတဲ့သူတစ်ယောက် ပါတယ်။ ဆိုင်ကယ် ၅ စီး ၁၀ ယောက်၊လက်နက်က ၉ လက်အဲဒီကောင်တွေကို အသေပစ်ခတ်နိုင်ခဲ့ တယ်၊ လက်နက် ၉ လက်ရတယ်။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇီးတောကျေးရွာကို မီးရှို့ခဲ့ပြီး ကျောက်ထပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူအများအပြားကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ အ လားတူ သဲတောကျေးရွာနေပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့သော စစ်ဆင်ရေးအတွင်း စစ်သား ၃၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ခြေပြတ် လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်များကို Southern YSO PDF အဖွဲ၏ နတ်မိချောင်းစစ်ဆင်ရေးဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးတွင် Southern YSO PDF ၊ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)၊ ပြည်သူ့အားမာန် PDFတို့ ပူးပေါင်းပါဝင်ကြောင်း၊ နတ်မိချောင်းစစ်ဆင်ရေး ကမ်းပိန်ကိုလည်း ပြည်သူများက ပါဝင်အားဖြည့် ကူညီကြရန် တာဝန်ခံ အောင်မောင်းက တိုက်တွန်းပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *