ကော့ကရိတ် ဖူ့ချိမူစစ်စခန်းမှ တပ်ဖွဲ့ဝင် ၄၁ ဦး KNLA ဖမ်းမိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖူ့ချိမူစစ်ကောင်စီစခန်းသိမ်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၁ ဦးကို အရှင်ဖမ်းမိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များထံက သိရသည်။

အဆိုပါစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ယခုလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက” စခန်းက တနေ့ကတော့ သိမ်းပြီးပြီ ။ သိမ်းပြီးတာကို ၄၁ ယောက်ကတော့ အရှင်မိတယ်။ ၃၉ ယောက်ကတော့ လွတ်သွားတယ်။ စခန်းပေါ်မှာ စုစုပေါင်း ၁၀၀ ကျော်လောက်တော့ ရှိတယ် “ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ၆ နယ်မြေအတွင်းရှိ အဆိုပါစခန်းသည် စစ်ကောင်စီခြေမြန် တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့်ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အခြေချတပ်စွဲထားသည့် စခန်းဖြစ်သည်။

ထိုစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနယ်စပ်ဘက် ဦးတည် ထွက်ပြေးနေခြင်း ဖြစ်ပြီး မေလ ၁၈ ရက်တွင် လမ်း၌တွေ့သည် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် အမျိုးသား၃ဦးကို သတ်ဖြတ်သွားသည် ဟု ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများက ပြောသည်။

ဖူ့ချိမူစခန်းသည် ကျိုက်ဒုံဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိသည့် တခုတည်းသော နောက်ဆုံးစခန်းဖြစ်ရာ ထိုစခန်းကို သိမ်းပိုက်ခဲ့သောကြောင့် ကျိုက်ဒုံဒေသတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းကို ပြီးခဲ့သော မတ်လ ၁၄ ရက်တွင် KNLA နှင့် ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင်လည်း ဗျူဟာမှူး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ပုံစာ- ဖူ့ချိမူစခန်းမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *