စစ်မှုထမ်းရန်ဆင့်ခေါ်မှု လျာထားချက်မပြည့်၍ အစားထိုးဖြည့်တင်းခဲ့ရဟုဆို

စစ်မှုထမ်းရန် သင်တန်းသားစုဆောင်းရာတွင် လျာထားချက်ပြည့်မီရေးအတွက် အခက်အခဲဖြစ် ပေါ်ခဲ့ရပြီး အစားထိုးဖြည့်တင်းခဲ့ရကြောင်း မေ လ ၂၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင် အောင်စန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက “ယခင်ဖွင့်လှစ်ခဲ့သည့်အပတ်စဥ်များ၌ လျာထားချက်ပြည့်မီရေးဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ ရပြီး အစားထိုးဖြည့်တင်းမှုများရှိခဲ့ကြောင်း၊ ထိုသို့ ဖြည့်တင်းရာတွင်(လုပ်ထုံးလုပ်နည်းစံနှုန်း) SOP ပုံစံ များ ပြည့်စုံစွာတင်ပြမှုမရှိသည့်အတွက် စာရင်းကွဲလွဲမှုများ၊ စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် အချိန်ပေးဆောင်ရွက်ရခြင်းများကြုံတွေ့ခဲ့ရကြောင်း” ပြောကြားသည်။

ထို့ကြောင့် လာမည့်အပတ်စဥ်များတွင် စနစ်တကျစီမံဆောင်ရွက်ကြရန်၊ အခက်အခဲရှိပါက တင်ပြကြရန် နှင့် စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်ပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များက မှန်မှန် ကန်ကန် ဆောင်ရွက်စေရေး တိုင်း၊ ခရိုင်အဆင့်များက စနစ်တကျကြီးကြပ်ကြရန်လည်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်မှုထမ်းဆင့်ခေါ်ရာတွင် နိုင်ငံသား၊ ဧည့်နိုင်သား၊ ပြုနိုင်ငံသားမဟုတ်သူများကို စစ်မှုထမ်းအဖြစ် ရွေးချယ်ခြင်းမပြုရန် လိုအပ်ကြောင်းလည်း ပြောသည်။

ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ်များအတွက် စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူ များအားလုံးကို တည်ဆဲဉပဒေနှင့် အညီအရေးယူသွားရန် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဉက္ကဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးကလည်း အဆိုပါအစည်းအဝေး၌ ပြောကြားသည်။

နအဖ စစ်အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး စစ်မှုထမ်းဆင့်ခေါ်မှုများကို မတ်လတွင် ပြုလုပ်ခဲ့ကာ အပတ်စဉ် (၁) သင်တန်းကို ဧပြီလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အပတ်စဉ် (၂) သင်တန်းကိုမူ မေလ ၁၄ ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်း သင်တန်းအမှတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်ကို အင်အား ၆၀,၀၀၀ နှုန်းခေါ်ယူရန် လျာထားခြင်းဖြစ်သည်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့‌လာရေး (BACS)၏ ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ နိုင်ငံအနှံ့မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ ရပ်ကွက် ၄၉၈ ခုမှ လူငယ်ထောင်နှင့်ချီသည် စစ်မှုထမ်းဉပဒေ အသက်သွင်းပြီး နှစ်လအတွင်း နိုင်ငံတဝန်းရှိ သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။

Photo – မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (MOI)


Comments

Leave a Reply

Your email address will not be published. Required fields are marked *