မံစီမြို့သိမ်းတိုက်ပွဲတွင် ခမရ ၃၁၉ တပ်၏ ကာကင်းစခန်း ၂ ကို သိမ်းပိုက်ရရှိပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကချင်ပြည်နယ်၊ မံစီမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိနေသော စစ်ကောင်စီတပ်ရင်း ၂ ခုဖြစ်သော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တို့ကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ ခမရ ၃၁၉၏ ကာကင်းစခန်း ၂ ခု ကို ယမန်နေ့ ညပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၇ ရက်နေ့မှစတင်ပြီး မံစီမြို့နယ်ရှိ ရဲစခန်းများနှင့် တပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ မံစီမြို့နယ်ရဲစခန်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို ဆက်လက်တိုက် ခိုက်ခဲ့ရာ ယမန်နေ့ မေလ ၂၁ ရက်နေ့ညပိုင်းတွင် ခမရ ၃၁၉ တပ်စခန်း၏ ကာကင်း စခန်း ၂ ကို သိမ်းပိုက်ရရှိကြောင်း၊ ကျန်ရှိနေသော ခမရ ၆၀၁ စခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ခမရ ၃၁၉ ရဲ့ ကာကင်းစခန်း ၂ ခုကို ရပါပြီ။ ခမရ ၆၀၁ ကိုတော့ ဆက်တိုက်နေဆဲပဲ။ မေလ ၇ ရက်နေ့ကတည်းက စတိုက်နေတာ မေလ ၂၁ ရက်နေ့မှာ ခမရ ၃၁၉ ရဲ့ ကာကင်းစခန်း ၂ ခုကို ရပါတယ်။ ခမရ ၆၀၁ ကလည်း မကြာခင်ရဖို့ရှိပါတယ်။ မြေပြင်မှာ သူတို့ စစ်ကူ မလာနိုင်ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေပဲ စစ်တပ်ဘက်က လုပ်နိုင်တော့တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မံစီမြို့တွင်း တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စိုးမိုးထားပြီး ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ထားရှိကြောင်း၊ ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို ရရှိပါက မံစီတစ်မြို့နယ်လုံးကို KIA လက်အောက် ကျရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

မံစီရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအချို့ KIA သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း နှစ်ခုကို မေလ ၂၁ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့ရှိ စစ်ကောင်စီတပ် ခမရ(၃၁၉)နှင့် ခမရ(၆၀၁) တပ်ရင်းများကို KIAက မေလ ၂၁ရက်တွင် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ခမရ(၃၁၉)၏ ကာကင်းစခန်း အချို့ သိမ်းရခဲ့သည်ဟုဆိုသည်။

“ကာကင်း ၂ခုပဲ ရသေးတယ်။ မနေ့က ရတာ ဟုတ်တယ်။ စခန်းကြီး မရသေးဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။

KIAသည် မိုးမောက်နှင့် မံစီရှိ ရဲစခန်းများကို မေလ ၇ရက်တွင် သိမ်းပိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များကို ဖယ်ရှားကာ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ထို့နောက် မိုးမောက်မြို့ရှိ ၄၃၇ တပ်ရင်း၊ မံစီမြို့ရှိ ၃၁၉ တပ်ရင်း၊ ၆၀၁ တပ်ရင်းများကို ထိုးစစ်ဆင်ကာ မြို့နယ် ဒေသတစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားရာ မေလ ၁၈ရက်မှ ၂၁ရက် ၄ရက်တာအတွင်း ဝိုင်းမော် ခမရ(၃၂၁)တပ်ရင်း အပါအဝင် တပ်စခန်းကြီးငယ် ၁၃ခုထက်မနည်းကို KIAက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ခမရ(၃၂၁) သိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီဘက်ကလည်းလေကြောင်း ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ KIA ဌာနချုပ်လိုင်ဇာအနီးကိုပါ ယမန်နေ့ ညပိုင်းက လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၀ိုင်းမော်ဘက်ကိုလည်း အတွဲလိုက်ဒုံးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။ KIA က ယမန်နေ့ညပိုင်း၌ သိမ်းပိုက်ခဲ့သော ခမရ(၃၂၁)တပ်ရင်းသည် မြစ်ကြီးနားအခြေစိုက် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လုံခြုံရေးသည့် အရေးပါသည့် တပ်ဖြစ်သည်ဟုဆိုသည်။

“၃၂၁ ကျသွားတာ စကစ အတွက် KIAက မပခ တိုင်းကို ခြိမ်းခြောက်လာနိုင်တဲ့ သဘောပါ။ မပခ တိုင်းလုံခြုံရေးအတွက် စိုးရိမ်ရပြီလို့ သူတို့ ယူဆတာဖြစ်နိုင်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီး အရှိန်မြှင့် တိုက်ခိုက်လာမှု အပေါ် မှတ်ချက်ပြုသည်။

KIAသည် မတ်လ ၇ရက်မှ စတင်ခဲ့သည့် စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

(မံစီမြို့နယ်ရှိ စစ်ကောင်စီရုံးဌာနအချို့အား KIA က ချိတ်ပိတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The 74 Media)


Comments

Leave a Reply

Your email address will not be published. Required fields are marked *