အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းချိန် ဇနီးဖြစ်သူက လက်ပစ်ဗုံးနဲ့ ခုခံဖို့ကြိုးစားတာကြောင့် ဇနီးဖြစ်သူကိုပါ ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာက ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းရာ ဇနီးဖြစ်သူက လက်ပစ်ဗုံးနဲ့ ခုခံဖို့ ကြိုးစားတာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ထုတ်ပြန်သည်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက် မွန်းလွဲပိုင်းက အဲ့ဒီအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းဟာ ဇနီးဖြစ်သူနဲ့အတူ တခြားပျူစောထီးတွေနဲ့ အစည်းအဝေးလုပ်နေတယ်လို့ ပြည်သူတွေက သတင်းပေးပို့လာတာကြောင့် မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲဘော်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

“ကျွန်တော်တို့ အဖွဲ့ အိမ်ထဲဝင်သွားတော့ သူတို့က စားပွဲမှာ ၅-၆ ယောက်လောက် စုဆိုင်နေကြတာ။ ပြည်သူပေးပို့တဲ့ သတင်းကလည်း စစ်မှုထမ်းဖို့ကို ပျူစောထီးတွေနဲ့ အစည်းအဝေးလုပ်နေတာဆိုလို ကျွန်တော်တို့က ဝင်တာ။ ဝင်တဲ့အချိန်မှာပဲ သူ့မိန်းမက လက်ပစ်ဗုံးကို ပြေးဆွဲတယ်။ သူက သေနတ်နဲ့ ပစ်တယ်။ ပစ်တော့ ကျွန်တော်တို့ ရဲဘော်တွေက လက်ဦးမှုရအောင် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့်လောက် ဖြစ်သွားပါတယ်။ သူ့အသက် ကိုယ့်အသက် လုရတဲ့ အချိန်မို့လို့ သူ့မိန်းမကိုပါ ပစ်လိုက်ရတာပါ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို) ရဲ့ တာဝန်ရှိသူတဦးကပြောသည်။

ပစ်ခတ်မှုအပြီးမှာတော့ အုတ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူအပါအဝင် ပျူစောထီး ၃ ယောက်သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးကတော့ ရင်ဘက်ကို သေနတ် (၂) ချက်ခန့် ထိမှန်ခဲ့တာကြောင့် သေဆုံးနိုင်တဲ့ ဒဏ်ရာတွေကို ဆေးကုသနေရသလို ကျန်တဲ့ ပျူစောထီးတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရသည်။

အပြန်အလှန် ပစ်ခတ်မှု အတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် ပြင်းထန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ် သေဆုံးကာ အုပ်ချုပ်ရေးမှူး နေအိမ် ရောက်ရှိနေသည့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းမှ သေနတ် အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၁ ခု နှင့် စာရွက်စာတန်း တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို) ရဲ့ တာဝန်ရှိသူက ဆက်လက်ပြီး “လက်ရှိ ရွာအခြေအနေကတော့ စစ်သားစုဆောင်းတဲ့ အုပ်ကြီးမရှိတော့ အေးချမ်းသွားပြီပေါ့။ ပြည်သူတွေလည်း ဝမ်းသာနေတယ်ဆိုပြီး လှမ်းပြောကြတယ်။ အဲဒီရွာမှာက ရွာထဲပေါ်တာဆွဲမှာစိုးလို့ ၂ ပတ်ကို တစ်ခါ အုပ်ကြီးကို ၃သောင်းပေးရတယ်။ ပေးထားတဲ့ အိမ်တွေလည်း စစ်‌ေ ခွ း တွေ ရောက်လာတဲ့အခါမှာ ဝင်ဖမ်း၊ မဖမ်းက မသေချာဘူး။ သူတို့တွေ ဒုက္ခရောက်နေကြတယ်ဆိုပြီး ကျွန်တော်တို့ဆီကို အမြဲသတင်းပို့တယ်၊ အကူအညီလာတောင်းကြတယ်” လို့ ပြောသည်။

“မနေ့က မွန်းလွဲပိုင်းမှာ အေးမကွင်း အုပ်ကြီး ခင်မောင်ဝင်းနဲ့ ပျူစောထီး အဖွဲ့တွေက စစ်မှုထမ်းဖို့ လူငယ်တွေကို စုဖို့ အစည်းအဝေး လုပ်နေတယ် သတင်းကြားလို့ အိမ်ကိုဝင်စီးတာ အဲ့အိမ်ထဲမှာရှိနေတဲ့ အုပ်ကြီးနဲ့ သူ့မိန်းမက ကျွန်တော်တို့ ရဲဘော်တွေကို စခတွေ ပေးထားတဲ့ သေနတ်နဲ့ ပြန်ပစ်လို့ အပြန်အလှည် ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ အုပ်ကြီးကို သေနတ်ကျည် ၂ ချက်မှန်ပြီး ထွက်ပြေးတယ်။ အုပ်ကြီးမိန်းမက ဆေးရုံရောက်မှ သေတယ်။ ကျန် ၂ ဦးကတော့ အပြန်အလှန် ပစ်ခတ်ကြရင်း ကျည်မှန် သေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနေအိမ်ကနေ သေနတ်အတို ၁ လက်၊ ကျည်ဆန် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး၂ ခု၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ကို တော်လှန်ရေးရဲဘော်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရသည်။

ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးခင်မောင်ဝင်းဟာ စစ်တပ်အလိုကျ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာ၊ မတရားငွေကြေးကောက်ခံတာနဲ့ တော်လှန်ရေးရဲဘော်တွေအကြောင်း စုံစမ်းသတင်းပေးနေပြီး ပြည်သူတွေကို ဖိနှိပ်ဒုက္ခပေးနေတဲ့အတွက် အခုလို ပစ်ခတ်ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နှင့် အတူထိုင်နေသော ပုဂ္ဂလိက ချေးငွေ ကုမ္ပဏီ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အရင်က သူတို့ကို ပျူစောထီးတွေထင်နေတာ ဒီမနက်မှ သိရတာက သူတို့က ချေးငွေကိစ္စနဲ့ အုပ်ကြီးအိမ်ရောက်နေကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေမှန်းသိရတာ အခုလိုဖြစ်သွားတော့ ရဲဘော်တွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။ အရင်ကတည်းက စကစတွေနဲ့ သူတို့ထောက်တိုင်တွေနား မနေဖို့ အကြိမ်ကြိမ်သတိပေးနေတာကို မလိုက်နာတော့ ခုလိုဖြစ်ရတာပေါ့။ အုပ်ကြီးကတော့ ရန်ကုန်ဆေးရုံကြီးမှာ အခြေအနေသိပ်မကောင်းဘူး။ သူတို့ထိုင်နေတဲ့ စားပွဲပေါ်မှာ သေနတ်တွေ လက်ပစ်ဗုံးတွေတင်ထားတာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ထပ်မံပြီးရှင်းလင်းမှာမို့ ဒီလိုလူတွေနဲ့ ဝေးဝေးနေကြဖို့ ပြည်သူများကို အထူးသတိပေးပါရစေ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ တော် လှန်ရေး ရဲဘော် များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *