ရွှေဘိုမြို့ လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့အနီးရှိ အမှတ်(၈) လေ့ကျင့်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီခွဲ အချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၈) လေ့ကျင့်ရေးကွင်းရှိ ဗဟိုကင်း၊ လက်နက်တိုက်၊ လက်နက်ကြီးကွင်းနှင့် ဘားတိုက်တို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“ ၁၀၇ မမ လေးလုံးစလုံး ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။ ပစ္စည်းချို့ယွင်းမှုလည်း မရှိခဲ့ဘူး။ ရှော့တိုက်ဒုံး ပစ်ခတ်တဲ့ အတွေ့အကြုံလည်း ရှိခဲ့တော့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်” ဟု FRF တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗဟိုကင်းတွင် တာဝန်ကြသည့် စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး ၊ စစ်ကောင်စီတပ်ဘက်က ၆၀ မမ များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Freedom Revolution Force ၊ ရွှေဘိုခရိုင် အမှတ်(၂၅) တပ်ရင်း နှင့် ရွှေဘိုခရိုင် အမှတ်(၂၄) တပ်ရင်းတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့အနီးရှိ အမှတ်(၈) လေ့ကျင့်ရေးတပ်သည် စစ်မှုထမ်းဥပဒေကြေညာပြီးနောက် စစ်မှုထမ်းရန် ရောက်ရှိလာသူများနှင့် ပျူစောထီးဆိုသူများကို အဓိကစစ်သင်တန်းပေးနေသည့် လေ့ကျင့်ရေးတပ်ဖြစ်ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *