ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့(မေလ ၂၆ရက်) ညပိုင်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယနေ့ည ၁၀နာရီခန့်ကစ၍ ‌ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းရှိရာ ဘုရားကုန်းအနီး၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မစ်ဇိုင်းဒုံးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” နားထောင်ရတဲ့အသံကတော့ မစ်ဇိုင်းအသံတွေပဲ။ အတွဲလိုက်ဗြုန်းဗြုန်းဆိုပြီးတော့။ ဘုရားကုန်းနားမှာပဲ ချနေတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးရောက်ရှိနေသောသူတစ်ဦးကလည်း ” တော်လှန်ရေးအဖွဲ့တွေက ဝင်ချတယ်ထင်တယ်။ ဟိုဘက်ကလည်း အတွဲလိုက်တွေနဲ့ ချနေတာ။ မိုးကလည်းအရမ်းရွာတယ်”ဟု ပြောသည်။

ထို့အပြင် မြဝတီမြို့ခံအချို့ကလည်း လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ကြားနေကြောင်း လူမှုကွန်ရက်၌ ရေးသားနေကြသည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်သံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကလည်း အတိုင်းသားကြားနေရသည်ဟု မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရက်​ပေါင်း ၅၀ ခန့်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

မေလ ၂၃ရက်ကလည်း ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းအား အမှတ်(၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်း၍ Rocket ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအပါအဝင် ၎င်းတို့၏ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက မေလ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဒေါနတောင်ပေါ်နှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က KNLAနယ်မြေခံတပ်ရင်းများထုတ်သုံး၍ အင်အားဖြည့်မည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းကပြောထားသည်။

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်းအမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး KNLA၊ ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

(ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ။ ဓာတ်ပုံ – ကော်ဘရာ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *