ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ အနီးမှာ စစ်ကောင်စီရဲ့ Y12 တစ်စီး ပျက်ကျ

ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာ အနီး ဧရာဝတီ မြစ်ဘေးက ငှက်ပျောခြံဘက် မေလ ၂၆ ရက်နေ့ မေလယ်က စစ်ကောင်စီရဲ့ တိုက်လေယာဉ် Y12 တစ်စီး ပျက်ကျသွားကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“လေယာဉ်က ရုတ်တရက် ဇောက်ထိုး ထိုးကျသွားတာလို့ မြေပြင် တိုက်ပွဲ ဝင်နေတဲ့ ရဲဘော်တွေ ပြောပြတယ်။ ဖြည်းဖြည်း ကျလာတာမျိုး မဟုတ်ဘူး။ အဲဒီမှာ ပါတဲ့ စစ်ကောင်စီတွေ လေထီးတောင် မဖွင့်နိုင်ဘူး။ ပါသမျှတော့ ‌သေဖို့ ကျိန်းသေတယ်” လို့ KIA အရာရှိ တစ်ဦးက ပြောပါတယ်။

နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဧရာဝတီမြစ်ဘေး ခတ်ချို ငှက်ပျောခြံဘက်မှာပျက်ကျသွားတယ်လို့ သူက ပြောပါတယ်။

အဲဒီ Y12 တိုက်လေယာဉ်က မြစ်ကြီးနား နမ့်ပေါင်လေတပ်ကနေ ‌ဒီနေ့ မေလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၇ မိနစ်မှာ ပျံတက်သွားတဲ့ လေယာဉ် ဖြစ်ကြောင်း သိရတယ်လို့ ပြောပါတယ်။

“ခေါင်းပေါ် တည့်တည့်မှာပဲ လေယာဉ်က ပျံနေရင်း ရုတ်တရက် အသံ တိတ်သွားတော့ ကြည့်လိုက်တာ ဇောက်ထိုး ကျသွားတယ်လို့ မြေပြင်ကလူ‌တွေဆီက သိရတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အဲဒီ Y12 မှာ အရာရှိ ၂ ဦး၊ စစ်ကြောင်းမှူး ၂ ဦး၊ တပ်သား ၃ ဦး၊ လက်နက်ခဲယမ်း အချို့၊ စားနပ်ရိက္ခာ အချို့ ပါလာတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

အဲဒီ Y12 လေယာဉ် ပျက်ကျ သွားတာနဲ့ ချက်ချင်း နောက်ထပ် Y12 တစ်စီးနဲ့ တခြား လေယာဉ်တွေ ရောက်လာပြီး ဝန်းရံ ပျံဝဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *