တီးတိန်မြို့တွင်း တိုက်ပွဲတွင် နတလရုံးနှင့် ရဲစခန်းကို သိမ်းပိုက်ရရှိပြီး ရဲ ၇ ဦးသေဆုံးကာ အရှင်ဖမ်းဆီးရရှိသူများရှိ

စစ်တပ်က လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင်းတိုက်ပွဲတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)ရုံးနှင့် ရဲစခန်းကို သိမ်းပိုက်ရရှိပြီး ရဲ ၇ ဦးသေဆုံးကာ အရှင်ဖမ်းဆီးရရှိသူများလည်းရှိကြောင်း ချင်းပြည်နယ်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်ပြီး တီးတိန်မြို့ကို PDF Zoland နှင့် CNO ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများရှိနေကြောင်းသိရှိရသည်။

“နတလရုံးနဲ့ ရဲစခန်းမှာတော့ တပ်က ပြန်ဆုတ်သွားပြီးတော့ မြို့တွင်းထဲမှာရှိတဲ့ ၂၆၉ တပ်ကုန်းဘက်မှာ စစ်တပ်ရော ရဲရော ပြန်ပေါင်းနေကြတယ်။ လောလောဆယ် ရဲ ၇ ဦးသေဆုံးပြီးတော့ အရှင်းဖမ်းမိတာတွေလည်းရှိတယ်လို့ကြားရတယ်။ အဖွဲ့က ထုတ်ပြန်မှပဲ အတည်ဖြစ်ပါလိမ့်မယ်။ အခု လေယာဉ်တွေနဲ့ တောက်လျှောက်ဗုံးကျဲနေတယ်။ တိုက်ပွဲကတော့ ဟိုနားက ပစ် ဒီနားကပစ်ပဲ။ ငြိမ်လည်း ခဏပဲ” ဟု ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလောတွင် တီးတိန်မြို့အတွင်းမှ ပြည်သူ ၃၀၀၀ ဝန်းကျင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် စစ်တပ်က ခလရ ၂၆၉ ဘက်တွင် အသေအချာ ခံစစ်ပြင်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမည့် အခြေအနေ ရှိနေကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ဆက်ပြင်းထန်ဦးမယ့်သဘောရှိတယ်။ စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ဆိုသလို လုပ်နေတယ်။ ခလရ ၂၆၉ ဘက်ကလည်း လက်နက်ကြီးသံတွေ ကြားရတယ်” ဟု တီးတိန်မြို့မှ ဒေသခံများနှင့် ချိတ်ဆက်မှုရှိနေသော သတင်းရင်းမြစ်ကပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *