မင်းကင်း မင်္ဂလာဆောင်တည့်တည့် စစ်တပ်ကြဲသည့် ဗုံးကျ၊ ပြည်သူ ၂၀ ကျော် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မင်္ဂလာဆောင်လာသည့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၃ ရက်) နံနက် ရှစ်နာရီ ၄၅ မိနစ်ခန့်တွင် စစ်တပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဆောင်ထမင်းကျွေးမဏ္ဍပ်ပေါ်သို့ ဗုံးကျရောက်ခဲ့ကြောင်း မတောရွာအနီးရှိ လက်ပံဆိပ်ရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

“ထမင်းစားချိန် ကွက်တိကြီး လာချသွားတာ။ နှစ်လုံးချတာမှာ တစ်လုံးက မကွဲဘူး။ လောလောဆယ် သေတာ ၂၀ ကျော်သွားပြီလို့ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့လူကတော့ များတယ်”ဟု ၎င်းကပြောသည်။

မင်္ဂလာဆောင်သည့် သတို့သားနှင့်သတို့သမီးမှာ တော်လှန်ရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီသတင်းပေးတို့၏ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“အခုကြဲခံရတဲ့ မင်္ဂလာဆောင်က တော်လှန်ရေးအဖွဲ့အစည်းမှာ ပါတဲ့သူတွေမလို့ သတင်းပေါက်ပြီးကြဲခံလိုက်ရတာ။ သတို့သားလည်း ထိခိုက်သေဆုံးတယ်လို့ သိရတယ်။ ရှင်းလင်းရေးတွေ၊ ဆေးကုဖို့တွေလုပ်နေတုန်းဆိုတော့ အတိအကျတော့ပြောလို့မရသေးဘူးဗျ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မတောရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပြီး တော်လှန်ရေးအင်အားစုများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။

မင်းကင်းမြို့နယ်တွင် ပျူစောထီးကျေးရွာ များပြားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *