မကွေးတိုင်းက ရေနံမြေနှစ်ခုကို PDF တွေ ထိန်းချုပ်ထား (ရုပ်သံ)

မကွေးတိုင်းမြောက်ပိုင်းက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) လက်အောက်မှာ ရှိတဲ့ ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတို ရေနံမြေတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာသွားပြီး နောက် ပြည်သူ့ကာကွယ်ရေး တပ်တွေ ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေကို မတ်လ ၂ ရက်နေ့မှာ စွန့်ခွာခဲ့သလို ပေါက်မြို့နယ်မှာရှိတဲ့ လက်ပံတို ရေနံမြေကိုတော့ ဧပြီလ ၁၉ ရက်မှာ စွန့်ခွာသွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေရဲ့ စားနပ်ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ထားတာကြောင့် မခံနိုင်တဲ့အဆုံးမှာ စခန်းတွေကနေ စွန့်ခွာသွားတာလို့ မြိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့ဟာသူတို့ နောက်ပိုင်းရိက္ခာပြတ်တာ၊ ဘာညာဖြစ်ပြီးတော့ မနေနိုင်တာပေါ့။ သူတို့ဟာ သူတို့စခန်းတွေကို နောက်ကိုဆုတ်သွားတယ်။ ကျွန်တော်တို့ မတိုက်ရပါဘူး။ ကျွန်တော်တို့ ပြည်သူတွေက သူတို့ကို ဘာမှမပတ်သက်တော့ နောက်ဆုံးတော့ စားစရာ ပြတ်တာပေါ့။ ရိက္ခာပြတ်၊ ငတ်ပြတ်ပြီး မနေနိုင်လို့ နောက်ဆုတ်သွားတာပါ။ ပြည်သူက ကျဉ်ထားတာပေါ့။ ပြည်သူက ကျဉ်တော့ သူတို့မှာငတ်ပြီး ထွက်သွားရတာပါ။ သူတို့ ထွက်တာနဲ့ သူတို့နေခဲ့တဲ့ အဆောက်အအုံတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ နောက်တစ်ခု လက်ပံတိုဆိုရင် သူတို့ ထွက်သွားတာနဲ့ မီးရှို့ဖျက်ဆီးသွားတယ်။ ထွက်ပြီးသား စခန်းမှာရှိတဲ့ ပစ္စည်းတွေရှိတာပေါ့။ ပစ္စည်းတွေကို ဒီဘက်က ဒေသခံတွေ ယူမှာစိုးလို့ ဖျက်ဆီးတာပေါ့။ လေယာဉ်နဲ့ လာကြဲတယ် ပေါင်ငါးရာနဲ့”

ဒီရေနံမှော်တွေကနေ စစ်ကောင်စီရမဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုက်နိုင်တာပဲလို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရန်ကြီးအောင်က ပြောပါတယ်။

“အဓိကကတော့ သူတို့ရဲ့ ဒီထဲကနေ ရန်ပုံငွေတွေ ရနေတယ်။ ဘဏ္ဍာငွေတွေ ရနေတယ်ဆိုလို့ရှိရင် သူတို့က အဲဒီဟာတွေနဲ့ ကျွန်တော်တို့ကို ပြည်သူကိုပေါ့နော် သူတို့ ထပ်ပြီးသတ်မယ့် ကျည်ဆန်တွေ၊ လက်နက်တွေကို ဝယ်လို့ရနေတဲ့ဟာမျိုးပေါ့။ ကျွန်တော်တို့ကတော့ သူတို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ငွေကြေးစီးမျောမှု၊ ဘဏ္ဍာရေးစီးမျောမှုကို ကျွန်တော်တို့က ပိတ်ပင်တားဆီးခြင်းဖြစ်ပါတယ်။ လက်ရှိကတော့ ကျွန်တော်တို့ကတော့ သူတို့ကို ဒါဖြတ်တောက်တဲ့ သဘောပါပဲ”

မကွေးတိုင်းတောင်ပိုင်း အထက်မင်းလှနဲ့ သရက်မြို့နယ်တွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားနည်းနေသလို ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း နည်းနေတာကြောင့် အဲဒီဒေသတွေက ရေနံမြေတွေဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိနေဆဲပဲလို့ ကိုရန်ကြီးအောင်က ပြောပါတယ်။

လက်ပံတိုနဲ့ ကျောက်ခွက်ရေနံမြေတွေဟာ အာဆီယံလမ်းမကြီးရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ တည်ရှိပြီး တစ်ခုနဲ့ တစ်ခု မိုင် ၂၀ ခန့် ဝေးပါတယ်။

အဲဒီရေနံမြေတွေရဲ့ အပြင်ဘက် ၁၀ မိုင်ပတ်လည်မှာတော့ ဒေသခံတွေ၊ နိုင်ငံတစ်ဝန်းက လာရောက်လုပ်ကိုင်တဲ့ ပုဂ္ဂလိက တစ်ပိုင်တစ်နိုင် ရေနံမှော်တွေရှိပါတယ်။

စစ်ကောင်စီ စွန့်ခွာသွားတဲ့ ရေနံမြေလုပ်ကွက်တွေကို လက်ရှိ လုပ်ကိုင်နေသူတွေ မရှိသေးပေမဲ့ အပြင်ဘက်က ရေနံမှော်တွေမှာတော့ လုပ်ကိုင်သူအချို့ တွေ့ရတယ်လို့ ပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ တစ်ပိုင်တစ်နိုင် လုပ်တာကိုပဲ နည်းနည်းလေး တွေ့ရတာပေါ့လေ။ သူတို့ဟာတွေကို ပြန်လည်ပတ်ဖို့ လောလောဆယ်မှာတော့ မရှိသေးဘူးဗျ။ မလည်ပတ်နိုင်သေးဘူး။ သူတို့က ထုတ်လာတာလည်း ကြာပြီဆိုတော့ အရပ်ဘက် ကျွမ်းကျင်တဲ့သူတွေက သူတို့ထုတ်ပြီးသား နေရာတွေက မရှိနိုင်ဘူး နည်းပါးသွားပြီပေါ့။ အပြင်နေရာလေးတွေပဲ လိုက်ပြီးတော့ တူးကြတာ၊ လုပ်ကြတာပေါ့။ အဲလိုလေးတော့ရှိတယ်”

စစ်ကောင်စီရဲ့ ရေနံမြေကင်းစခန်းတွေ မရှိတာကြောင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရတယ်လို့လည်း ဆိုပါတယ်။

ဒီရေနံမြေတွေကို လက်လွှတ်လိုက်ရတာဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“သူတို့ရဲ့ ယန္တရားကို ထိခိုက်သွားတာပဲလေ။ အဓိက သဘာဝ ဓာတ်ငွေ့မရတာက၊ သဘာဝဓာတ်ငွေ့တွေ ဆုံးရှုံးသွားတာ။ ဒါတွေက ဝါဇီငွေစက္ကူစက်ရုံ လည်ပတ်ဖို့ ပေးပို့နေရတာလေ။ စစ်ကောင်စီက သဘာဝဓာတ်ငွေ့ ဆုံးရှုံးသွားတာပေါ့ဗျာ။ အခြား ဝင်ငွေဆုံးရှုံးမှုလည်း ဖြစ်တာပဲလေ။ အခြေခံ အဆောက်အဦကအစ မီးရှို့ဖျက်ဆီးသွားတယ်ဆိုတော့ လုံးဝကို အသစ်ပြန်စရမဲ့ အနေအထား ဖြစ်သွားပြီလေ”

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်မှာ နှစ်ပေါင်းများစွာထဲက တူးဖော်လုပ်ကိုင်တဲ့ ဒေသနဲ့ အစမ်းတွင်းဒေသလို့ နှစ်ခုရှိပြီး ဒီဒေသက ရေနံတွင်းတွေကတော့ အစမ်းတွင်းတွေ ဖြစ်ပါတယ်။

ဒီနှစ်နေရာက ထွက်ရှိတဲ့ ရေနံတွေကို ပခုက္ကူမြို့နယ် တန့်ကြည့်တောင်အနီးက အရာတော်ရေနံမြေကို ပိုက်လိုင်းတွေနဲ့ ပို့ဆောင်ပါတယ်။ အဲဒီ အရာတော်ကနေ ချောက်မြို့က ရေနံချက်စက်ရုံတွေကို ဆက်ပို့ပါတယ်။ ၁၉၉၆ ခုနှစ်ဝန်းကျင်ထဲက တူးဖော်လုပ်ကိုင်လာတဲ့ အဲဒီရေနံမြေတွေမှာ တွင်းပေါင်း နှစ်ရာကျော် တူးဖော်ခဲ့ပြီး ဖြစ်တယ်လို့ ရေနံမြေ ဝန်ထမ်းတွေက ပြောပါတယ်။ ဒီရေနံမြေနှစ်ခုက အအောင်မြင်ဆုံးကာလတွေဖြစ်တဲ့ ၂၀၁၈၊ ၁၉ ခုနှစ်တွေမှာ တစ်နေ့ကို ဆီပေပါပေါင်း ၁၀၈၀ ခန့် အထိ ထွက်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ပံတိုက အလိုအလျောက်ထွက်ရှိတဲ့ ရေနံတွင်းတွေများပြီး ကျောက်ခွက်ကတော့ ရေနံအပြင် သဘာဝဓာတ်ငွေ့လည်း ထွက်ရှိတယ်လို့ ပြောပါတယ်။ ကျောက်ခွက်ကနေ တစ်နေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ တစ်သန်း ထုတ်လုပ်နိုင်ပါတယ်။ အဲဒီဓာတ်ငွေ့တွေကိုလည်း အရာတော်ကို ပို့ဆောင်သလို ဝါဇီက စက်ရုံတွေ လည်ပတ်ဖို့ ပိုက်လိုင်းတွေနဲ့ ပို့ဆောင်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်ချိန်မှာ ဒေသခံတွေက အဲဒီ ရေနံမြေတွေမှာ အစိုးရပိုင် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီလို တောင်းဆိုတဲ့ကြားကပဲ ၂ဝ၂၁ စက်တင်ဘာလမှာ လက်ပံတို ရေနံတွင်းတစ်ခုကို အစမ်းတူးလိုက်တဲ့အခါမှာ တစ်နေ့ကို ဆီပေပါ ၃၀ ခန့် ထွက်ရှိခဲ့တယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဒေသခံတွေက CDM လုပ်ဖို့၊ ထုတ်လုပ်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ စသဖြင့် မေတ္တာရပ်ခံတာပေါ့ဗျာ။ မန်နေဂျာဆီလည်း စာပို့တာရှိတာပေါ့။ ဒီကြားထဲ ဌာနက လူကြီးတွေကလည်း မထွက်လောက်ပါဘူး ဆိုပြီးတော့ လုပ်လိုက်တာ။ အထက်က ရုံးချုပ်ကလည်း ဖိအားပေးနေပြီဆိုတော့ မဖြစ်မနေတူးလိုက်ရာကနေ ရေနံထွက်လာတယ်ပေါ့ဗျာ။ ထွက်လာတော့ ဒေသခံတွေ ပိုပြီးတော့ စိတ်ဆိုးသွားတာပေါ့။ တားနေတဲ့ကြားကနေ ထွက်တယ်ဆိုတော့ အဲမှာ ပိုက်လိုင်းဖောက်ခွဲမှုတွေ၊ ဘာတွေ စတင်ပြီးတော့ လုပ်ခဲ့တယ်ပေါ့ဗျာ”

မကွေးတိုင်းထဲမှာ မန်းရေနံမြေ၊ ထောက်ရှာပင် – ကမ်းနီ ရေနံမြေ၊ ရေနံချောင်း ရေနံမြေ၊ ချောက် – လမ်းရွာ ရေနံမြေ၊ စပယ် – သာကြီးတောင် ရေနံမြေ၊ ထန်းကိုင်း – ပြရည် ရေနံမြေနဲ့ လက်ပံတို – ကျောက်ခွက် – အရာတော် ရေနံမြေတွေရှိပြီး ဒီရေနံမြေတွေက ပြည်ထောင်စုအဆင့်ကနေ စီမံခန့်ခွဲတဲ့ နိုင်ငံပိုင် ရေနံမြေတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က တက်မရေနံမှော် ပိတ်သိမ်းခံရပြီး မကွေးတိုင်း မင်းလှမြို့နယ်ထဲက သုံးမြေစုံ (ဒဟတ်ပင်) နဲ့ နလဲရေနံမှော်တွေကနေ ငွေကြေးတွေ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆီရောက်မှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *