စစ်ခေါင်းဆောင်တည်းလေ့ရှိတဲ့ ငပလီက ဟိုတယ် လက်နက်ကြီးထိ

အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတဲ့ သံတွဲမြို့ မှာ လက်နက်ကြီးတွေကျတာကြောင့် ငပလီကမ်းခြေက Jasmine Ngapali Resort နဲ့ အမရာ ဟိုတယ်တွေ ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၆ ရက်က ထိခိုက်ပျက်စီးသွားတဲ့ Jasmine Ngapali Resort က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်းလေ့ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကို ၂၀၂၃ ခုနှစ်က Jasmine Ngapali Resort မှာ လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟိုတယ်တွေရှိတဲ့ ဂေါ့ရွာဟာ တိုက်ပွဲဇုန်ထဲမှာ ကျသလိုဖြစ်နေပြီး ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်မှန်းအသေအချာမသိဘူးလို့ သံတွဲမြို့နယ် ဒေသခံတွေက ပြောပါတယ်။

“ရေတပ်ရော၊ လေကြောင်းရော၊ ကြည်းကရော ၊ ဒုံးတွေနဲ့ရော ပစ်တာ။ ဂေါ့ရွာက တိုက်ပွဲဇုန်ထဲမှာ ကျသလိုဖြစ်နေတာ။ ဂျက်စမင်ဟိုတယ်က ရွာရဲ့မြောက်ဘက်၊ အမရာဟိုတယ်က တောင်ဘက်မှာရှိတယ်၊ ရွာကလည်း ခပ်သေးသေးပါ”လို့ သံတွဲမြို့နယ် ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဂေ့ါကျေးရွာက ဒေသခံ အယောက် တစ်ရာကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး အမရာဟိုတယ်မှာ ပိတ်လှောင်ထားခဲ့တဲ့အကြောင်း၊ စစ်ကောင်စီတပ်တွေ ဟိုတယ်ကနေ ပြန်ထွက်သွားချိန်မှာ လက်နက်ကြီးတွေ ကျလာတာကြောင့် ဟိုတယ်ကနေ ထွက်ပြေးလာခဲ့ကြရတယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

မဇင်လေဆိပ် (သံတွဲလေဆိပ်) မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက လမ်းတွေပိတ်ထားတာကြောင့် တိုက်ပွဲဇုန်ထဲဖြစ်နေတဲ့ ဂေါ့ရွာနဲ့ စပါးကြီးရွာက ဒေသခံတွေဟာ ထွက်ပေါက်ပိတ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

သံတွဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ဂေါ့ကျေးရွာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးသံတွေနဲ့ လေကြောင်းပစ်ခတ်သံတွေ မနေ့က တနေကုန်နီးပါး ကြားနေရပြီး ဒီနေ့မနက်မှာလည်း လက်နက်ကြီးသံတွေ ကြားနေရပေမဲ့ လေကြောင်းသံတော့ မကြားရသေးဘူးလို့ သံတွဲမြို့ခံတစ်ယောက်က ပြောပါတယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *