မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ ကို AA ဆက်လက် စစ်ဆင်

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့ တောင်ပိုင်းမှ နယ်ခြားစောင့်ရဲတပ်ရင်းများဖြစ်သည့် နခခ (၆)နှင့် နခခ (၉)ကို အာရက္ခတပ်တော် (AA)မှ ပြီးခဲ့သည့်ရက်က သိမ်းပိုက်ပြီးနောက် ဆက်တိုက်ဆိုသလို မောရဝတီဗျူဟာစခန်းနှင့် နခခ(၄) ဌာနချုပ်ကို ဆက်လက်စစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ဇွန်လ ၂ ရက်ကစပြီး AA က မောင်တောမြို့တောင်ပိုင်းရှိ နယ်ခြားစောင့်ရဲဌာနချုပ်များနှင့် ကင်းစခန်းများအား ထိုးစစ်ဆင်ကာ အင်းဒင်ရွာအခြေစိုက် နခခ (၆)ဌာနချုပ်နှင့် မြင်းလွှတ်အခြေစိုက် နခခ (၉) ဌာနချုပ်တို့ကို ဇွန်လ ၇ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် လက်ကျန်စခန်းများအား ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မောင်တောဘက်မှာ ဒီရက်ပိုင်းတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်နေတယ်။ ဘာကြောင့်ဆို သူတို့က လက်နက်ချ အညံ့မခံဘူးဆိုတော့ ကျနော်တို့ကလည်း မဖြစ်မနေ ချေမှုန်းရမှာပေါ့။ အဓိကတော့ ခေါင်းမာတဲ့သူတွေကြောင့် စစ်ကောင်စီဘက်က အကျအဆုံးတွေ များတာပေါ့။ အေးအေးဆေးဆေး လက်နက်ချရင်တော့ ဘာမှ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေက ခေါင်းမာတဲ့အခါကျတော့ ကျနော်တို့က သင့်လျော်တဲ့အင်အားနဲ့ မရမနေချေမှုန်းရတာပေါ့” ဟု ပြောသည်။

ဇွန်လ ၂ ရက်၌ စတင်သည့် AA ထိုးစစ်အတွင်း မောင်တောတောင်ပိုင်းက တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင် စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (နခခ-၆) နှင့် နခခ (၉) တို့အား သိမ်းပိုက်နိုင်ခဲ့ပြီး နခခ (၄) ဌာနချုပ်၊ မောရဝတီ စခန်း၊ အလယ်သံကျော်စခန်းနှင့် နှာခေါင်းတို စခန်းတို့အပါအဝင် လက်ကျန်စခန်းများအား ဆက်လက် ထိုးစစ်ဆင်မည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်တွင် AA က သတင်း ထုတ်ပြန်ထားသည်။

ရခိုင် မြောက်ပိုင်း မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းများပြ မြေပုံ

စစ်ကောင်စီလိုလားသူများကလည်း ယနေ့နံနက်တွင် မောရဝတီဗျူဟာ၊ မောရဝတီရဲကင်းနှင့် အလယ်သံကျော်စခန်း တို့ကို AA တို့ အင်အား ကြီးမားစွာဖြင့် တိုက်ခိုက်နေကြောင်း ဆိုသည်။

AA အနေဖြင့် မောင်တောမြို့အား ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက်ကြောင့် စစ်တပ်က လဘော်ဇာတံတား၊ ကံကျမြောက်ရွာတံတား၊ သုံးမိုင်တံတား၊ သံတံတားနှင့် ရွာသစ်ကေတံတားတို့ကို မိုင်းခွဲဖျက်ဆီးကာ AA တပ်များ အလွယ်တကူဝင်ရောက်မလာနိုင်စေရန် လမ်းကြောင်းဖြတ်တောက်ထားခြင်းဖြစ်သည်။

မောင်တောမြို့နယ်အတွင်း ယမန်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာနှစ်လအတွင်းကလည်း လက်ရှိထိုးစစ်ဆင်နေသည့် နခခ (၄) လက်အောက်ခံ ကင်းစခန်းများဖြစ်သည့် ရွှေရင်အေးစခန်း၊ ခရေမြိုင်စခန်း၊ ဂေါ်ဒူသာရစခန်း၊ ရွှေဗဟိုစခန်း၊ သရေကုန်း ဘောင်စခန်းနှင့် နှာခေါင်းတိုစခန်းတို့အား AA သိမ်းပိုက်ထားပြီး ဖြစ်သည်။

နခခ (၉)မှာ ဇွန်လ ၇ရက် နံနက် ၁၁ နာရီခန့်က ကျဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်တချို့သာ ဖောက်ထွက် နိုင်ပြီး Y 12 လေယာဉ်ဖြင့် ၁၂နာရီခန့်အထိ စခန်းကို ဗုံးကြဲခဲ့ကြောင်း စစ်တပ်သတင်းများက ဆိုသည်။

AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နခခ (၉) နှင့် နခခ (၄) တို့က ထွက်ပြေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များလိုက်ပါသည့် စက်လှေမှာ ပင်လယ်ကမ်းစပ်တွင် နစ်မြုပ်ခဲ့ပြီး အမျိုးသမီးနှင့်ကလေးအချို့ ပျောက်ဆုံးနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦးက ရုပ်သံ ဗီဒီယိုရိုက်ကူးကာ လိုင်းပေါ်တင်ခဲ့သည်။

ထိုဗီဒီယိုဖိုင်တွင် ၎င်းတို့အား လက်ရှိတိုက်ခိုက်ခံနေရသည့် မောရဝတီဗျူဟာနှင့် ချိတ်ဆက်ပေးမည်ဟုဆိုကာ တပ်မမှူးအမိန့်အရ ပင်လယ်ရေကြောင်းမှ ဆုတ်ခွာစဉ် ပင်လယ်ပြင်မှာရှိနေသည့် စစ်တပ်ကမ်းထိုးရေယာဉ်က ပစ်ခတ်ခဲ့သည့်အတွက် ကမ်းပြန်ကပ်စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောထားသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ AA မှ ဦးခိုင်သုခက စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ပျောက်ဆုံးမှုတို့အား ရှင်းရှင်းလင်းလင်းဖော်ပြနေကြောင်း မှတ်ချက်ပြုခဲ့ပြီး စက်လှေနစ်မြုပ်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မည်သည့်နေရာရောက်ရှိနေသည် ဆိုသည်ကို အချိန်ယူ စုံစမ်းရမယ်ဖြစ်ကြောင်းလည်း ပြောသည်။

AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် စိတ်မကောင်း ဖြစ်ရသည်ဟု ပြောဆိုထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့် ရဲတပ်ရင်းများကို ကျီးကန်းပြင်တွင် ကွပ်ကဲရေး ဌာနချုပ် နခခ(၁)ကို ဖွင့်လှစ်ထားပြီး ၄မိုင်တွင် နခခ(၂) ၊ နခခ(၃) ဘူးသီးတောင်၊ နခခ(၄) မောရဝတီ၊ နခခ (၅) မောင်တော၊ နခခ (၆) အင်းဒင်၊ နခခ (၇) ကြိမ်ချောင်း၊ နခခ (၈) ဘူးသီးတောင်၊ နခခ(၉) မြင်းလွတ်၊ နခခ (၁၀) ပြင်ဖြူ တို့တွင် ဖွင့်လှစ်ထားသည်။

ယခုအခါ ၄မိုင်ရှိ နခခ(၂)၊ မောရဝတီရှိ နခခ (၄) နှင့် မောင်တောမြို့အနီး မြို့သူကြီးရှိ နခခ (၅) အပါအဝင် စစ်တပ် စခန်းအချို့သာ ကျန်တော့ပြီး ဇွန်လ ၇ ရက်နေ့က နခခ (၂) မြောက်ဘက်အနီး သာယာကုန်းရွာ ပတ်ဝန်းကျင်တွင်လည်း AA နှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နခခ (၂) ၏ ကာကင်းစခန်း နှစ်ခုအား သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ပြောထားသည်။

မောင်တောမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသကဲ့သို့ ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းနှင့် သံတွဲမြို့နယ်တို့ တွင်လည်း စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။

AA သည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ရှေ့တန်းကာကင်းစခန်းကုန်းကြီးဖြစ်သော တောဟိန်း တောင်ဗျူဟာစခန်းအား သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်နေသည့်အပြင် သံတွဲမြို့နယ် ငပလီကမ်းခြေ ဒေသ တလျောက် သံတွဲလေဆိပ်အနီးတို့တွင်လည်း ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် သံတွဲလေဆိပ်အား ယာယီပိတ်ထားရသည့်အပြင် ငပလီကမ်းခြေဟိုတယ်များလည်း ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *