မင်းဘူးမှာ ဖုန်းဆိုင်ညစောင့် သက်ကြီးအမျိုးသား ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဝေဠုဝန်လမ်းမှာ ဖုန်းဆိုင်ညစောင့် သက်ကြီးအမျိုးသား ၁ ဦး အသတ်ခံရလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ “ရွှေဧရာ” မိုဘိုင်းဖုန်းအရောင်းဆိုင်နဲ့ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ရဲ့ညစောင့် အသက် ၆၅ နှစ်အရွယ် ဦးဇော်မြင့်သန်းဖြစ်ပြီး ဇွန် ၁၃ ရက် မနက်အစောပိုင်းက ဆိုင်ရှေ့မှာ အသတ်ခံထားရတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“ဖြစ်တာက ညကတည်းက အသတ်ခံထားရတာ ဖြစ်နိုင်တယ်။ ဒီမနက်ဆိုင်ဖွင့်ချိန် ဝန်ထမ်းတွေ ဆိုင်လာဖွင့်မှ အသတ်ခံထားရတာကို သိရတာ။ သူကဆိုင်ရှေ့မှာ ကြော်ငြာဗွီနိုင်းလေးတွေကာပြီး အိပ်တတ်တော့ လူတွေကသတိမထားမိကြတာ”လို့ ဒေသခံတဦးကပြောပါတယ်။

ဦးဇော်မြင့်သန်းဟာ ဦးခေါင်းကိုကျောက်ခဲနဲ့ ထုထားတဲ့ဒဏ်ရာကြောင့် ဦးခေါင်းကြေမွသေဆုံးနေတာလို့ ဆိုပါတယ်။

မသေဆုံးခင် ဇွန် ၁၀ ရက်ညပိုင်းကတော့ သူ‌ နေထိုင်ရာအနီးရှိ ဆိုင်တဆိုင်က သုံးဘီဆိုင်ကယ် ၁ စီးကို လူတစုကလာခိုးစဥ် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့် အဆိုပါလူတွေက မကျေနပ်တဲ့အတွက် လာသတ်သွားတာ ဖြစ်နိုင်တယ်လို့လည်း ‌ ဒေသခံတွေက ပြောပါတယ်။

လူသတ်မှုဖြစ်တဲ့နေရာကို ရဲအဖွဲ့တွေလာရောက် စစ်ဆေးခဲ့ပြီးနောက် အလောင်းကိုဒေသခံတွေက မင်းဘူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

မေ ၃ ရက်ညပိုင်းကလည်း မင်းဘူးမြို့နယ်၊ ရေပုတ်ရွာက ဆန်စက်လုပ်ငန်းရှင်နေအိမ် ဓားပြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်တွေကို ကြိုးတုပ်ရိုက်နှက်ပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ရွှေအချို့ယူသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *