ရန်ကုန်တွင် ခုခံတော်လှန်မှု ကင်းစင်အောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ကပြော

ရန်ကုန်တိုင်းတွင် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်ရန်နှင့် ခုခံတော်လှန်နေမှုများ ကင်းစင်အောင် ဆောင်ရွက်ရန်လိုသည်ဟု စစ်ခေါင်းဆောင်က ရန်ကုန်ခရီးစဉ်အတွင်း လက်အောက်ခံများကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း မည်သည့်နေရာကိုမဆို လွတ်လပ်စွာဖြင့် သွားလာ၍ရနေသော်လည်း ခုခံတော်လှန်သူများက ၎င်းတို့တပ်ဖွဲ့ဝင်များ၏ အလစ် အငိုက်ကို ရယူပြီး တိုက်ခိုက်ရန် ကြံစည်ဆောင်ရွက်နေသည်ဟု ဇွန် ၁၀ ရက်က ရန်ကုန်၌ ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒါကတော့ လက်ရှိအရှိတရားကို ကြည့်လိုက်တာနဲ့ သိနေတာပဲလေ။ ဒါမဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆို UG တွေ၊ တော်လှန်ရေး အင်အားစုတွေက ဟန်ချက်ညီညီ လှုပ်ရှားနေတဲ့အတွက် ကင်းစင်ဖို့ မပြောနဲ့ သူတို့အနေနဲ့ အတိုင်းအတာတစ်ခုထိ ထိရောက်စွာ ဖမ်းဆီးဖို့တောင်မဖြစ်နိုင်ဘူး” ဟု Yangon UG Association တာဝန်ခံ ဆရာကျောင်း ကပြောသည်။

စစ်ခေါင်းဆောင်ကမူ ရန်ကုန်တိုင်းအတွင်း ခုခံတော်လှန်သူများ၏ အငွေ့အသက်များ ကင်းစင်အောင် ဆောင်ရွက်ရန်လိုပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူကို တရားဝင် အကြမ်းဖက်မှုတွေ လုပ်တော့မယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲလို့ ထင်တယ်။ ဟိုတလောက သူပြောသွားတဲ့ စကားမှာ ပြည်သူတွေက ရန်သူ၊ သူတို့ စစ်တပ်က ကျေးဇူးရှင်။ ကျေးဇူးမသိတတ်တဲ့ဟာတွေ သားရေပေါ်အိပ် သားရေ နားစားလို့ ပြောသွားတာလည်း ရှိတယ်” ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းအတွင်း မေလမှစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံများ တိုက်ခိုက်ခံရမှုသည် ပိုမိုစိပ်လာသလို လက်ရှိတွင်လည်း မိုဘိုင်းကားကြီးဖြင့် လှည့်လည်၍ မထင်လျှင်မထင်သလို လူငယ်များ၏ ဖုန်းများကို အဓိကထား စစ်ဆေး၍ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မြို့ခံပြည်သူများထံက သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များ၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု စစ်ခေါင်းဆောင်က ရန်ကုန်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ရာဇဝတ်မှုတွေ ဖြစ်ပေါ်ဆဲဆိုတဲ့ကိစ္စမှာ သူတို့နဲ့ လက်ပါးစေတွေက ရာဇဝတ်မှုတွေကို လက်ရှိဖန်တီးနေတာ။ မဆိုင်တဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီးတော့ အကြောက်တရား သွင်းနေတယ်။ သူတို့ကိုယ်တိုင် တည်ငြိမ်မှုမရှိအောင် လုပ်နေတယ်။ ရန်ကုန်မှ မဟုတ်ဘူး၊ ဘယ်မြို့ကိုမှ သူတို့ သေသေချာချာ မထိန်းကွပ်နိုင်တော့ပါဘူး” ဟု Yangon UG Association တာဝန်ခံ ဆရာကျောင်းက ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ

ပုံစာ – စစ်ခေါင်းဆောင် ဇွန် ၁၀ ရက်က ရန်ကုန်တွင် အစည်းအဝေး ပြုလုပ်နေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *