ဗိုလ်လောင်းသင်တန်းကို တက်ရောက်မည့်သူမရှိ၍ အသက်အပိုင်း အခြားကို ၂၀ နှစ် အရွယ်အထိ လျော့ပေါ့ခေါ်ယူနေ

စစ်ကောင်စီ၏ ဗိုလ်လောင်းသင်တန်းကို တက်ရောက်မည့်သူမရှိ၍ အသက်အပိုင်း အခြားကို ၂၀ နှစ် အရွယ်အထိ လျော့ပေါ့ခေါ်ယူနေ

စစ်ကောင်စီက ယခု ၂၀၂၄-၂၅ အတွက် ဗိုလ်လောင်းလျှောက်လွှာ ခေါ်ယူရာတွင် ယခင်နှစ်က တက်ရောက်သည့်သူ မရှိသလောက်နည်းပါးခဲ့သည့်အတွက် ယခုနှစ်တွင် အသက်လျော့ပေါ့ခေါ်ယူမှု များ ပြုလုပ်လာသည်ကို တွေ့ရသည်။

စစ်တက္ကသိုလ်ဗိုလ်လောင်း ခေါ်ယူသည့် ကြေညာစာများကို ယနေ့ ဇွန် ၁၄ ရက်နေ့တွင် စစ်ကောင်စီကထုတ်ပြန်ရာတွင် ယခင်နှစ်ကထက် အသက်အပိုင်းအခြားကို တိုး၍ ခေါ်ယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွက် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်(အမျိုးသား/သမီး) ဗိုလ် လောင်းခေါ်ယူရာတွင် အသက် ၁၇ နှစ်ထက်အောက် မငယ်စေရ၊ အသက် ၂၀ နှစ်ထက် မကြီးစေရဟု ထပ်မံပြင်ဆင်၍ အသက်ကန့်သတ်ချက်ကို ၆ လထပ်မံဖြေလျှော့ကာ ခေါ်ယူခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဗိုလ်လောင်းခေါ်ယူမှုတွင် ၂၀၂၂ ခုနှစ်က ၁၈ နှစ်၊ ၂၀၂၃ ခုနှစ်တွင် ၁၉ နှစ်၊ ယခု ၂၀၂၄ ခုနှစ်အတွက် ၂၀ နှစ် အထိ အသက်ဖြေလျော့မှု များပြုလုပ်၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဗိုလ်လောင်းခေါ်ယူရာတွင် အသက် ၁၇ နှစ်နှင့် ၂၀ ကြား သတ်မှတ်ခေါ်ယူနေသော်လည်း စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းရာတွင်မူ ကျောင်းတက်ရောက်နေဆဲ အသက်မပြည့်သေးသည့် လူငယ်များကိုပါ ခေါ်ယူစုဆောင်းလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်သားသစ်အဖြစ် စုဆောင်းခံရသူအချို့ကို စစ်သင်တန်းပြီးဆုံးခြင်း မရှိသေးဘဲ ရှေ့တန်းသို့ စေလွှတ်မှုများရှိပြီး သေဆုံးခဲ့သူများကို မည်သည့်ခံစားခွင့်မျှ ပေးအပ်ခြင်းမရှိကြောင်းသိရသည်။

ယမန်နှစ်ကလည်း စစ်ကောင်စီ၏ ဗိုလ်လောင်းခေါ်ယူမှုကို လျှောက်ထားသူ မရှိ သလောက်နည်းပါးခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အောက် ခြေတပ် မိသားစုဝင်များ၏ သားသမီးများကို ဂုဏ်ပြုညစာစားပွဲကျင်းပပေးပြီး ဗိုလ်လောင်သင်တန်းစာရင်းသွင်း၍ ခေါ်ယူထားသည့်ဖြစ်စဉ်များ ရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *