VPN ဂယက်

အသက်(၂၀)အရွယ် ကိုအောင်အောင်(အမည်လွှဲ)တစ်ယောက် မန္တလေးမြို့တွင်းသွားရန် ကိစ္စပေါ်လာ၍ ဖုန်းအတွင်းရှိ VPN အက်ပလီ​ကေးရှင်းကို ရှာ၍ ဖျက်နေသည်။

“မြို့ထဲသွားရင် ဖုန်းထဲက VPNကိုအရင်ဖျက်ရတယ်။ အိမ်ပြန်ရောက်မှ ပြန်ဒေါင်း (download)ပြီး သုံးရတယ်။ အလုပ်ကို ရှုပ်နေတာပဲ”ဟု ကိုအောင်အောင်ကဖွင့်ဟသည်။

ကိုအောင်အောင်တင် မကပါ။ မန္တလေးမြို့တွင်း ဆိုင်ကယ်ဖြင့်သွားမည့်သူတိုင်း ဖုန်းထဲ၌ VPN ဖျက်ပြီးမှသာ သွားလာနေရကြောင်း ဒေသခံအချို့က ပြောပါသည်။

အဘယ့်ကြောင့်ဆိုသော် မန္တလေးကဲ့သို့ မြို့ကြီးများအပါ
အဝင် ဒေသအချို့၌ စစ်ကောင်စီလက်အောက်ခံ စစ်သား၊
ရဲနှင့် ယာဥ်ထိန်းများ၊ ပျူစောထီးများက VPN အကြောင်း
ပြ၍ ပြည်သူများအား ငွေညှစ်နေခြင်းကြောင့်ပင်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းကတည်းက အင်တာနက်ပိတ်ဆို့ကာ ဘီလူးဆိုင်းတီးပြီးထွက်လာသော စစ်ကောင်စီသည် အာဏာသိမ်းကာလ သုံးနှစ်ကျော်အထိ အင်တာနက်အသုံးပြုမှုကို အမျိုးမျိုး ရန်ရှာခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အင်တာနက်များ ပိတ်ချလိုက်ခြင်း၊ ရနေသောဒေသများတွင်လည်း အင်တာနက်လိုင်းအမြန်နှုန်းများ လျှော့ချပစ်ခြင်းနှင့် ​Facebook လူမှုကွန်ရက်အား ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၂၁ တွင်​ဖေစ်ဘွခ်သုံးပါက ​ဖမ်းဆီး​​ထောင်ချမည်ဟု ခြိမ်း​ခြောက်ခဲ့ရာမှ ယခုနှစ်တွင် VPN အသုံးပြပါက​ဖမ်းဆီး​ထောင်ချမည်ဟု ခြိမ်း​ခြောက်လာသည်။

၂၀၂၄ ခုနှစ် မေလ ၃၀ ရက်မှစတင်ကာ စစ်ကောင်စီက Facebookအား VPN(Virtual Private Network)ဖြင့်ပါ ကျော်သုံး၍မရအောင် ထပ်မံပိတ်ပင်ရန် ပြုလုပ်​နေ
သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်ပတ်အတွင်း ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ (၈) ရက်နေ့၌ စစ်တပ်ကစိတ်ကြိုက်​ရေးဆွဲထား​သော ဆိုက်ဘာ လုံခြုံရေးဥပဒေ(မူကြမ်း)အား ထုတ်ပြန်ပြီး ဥပ​ဒေကိုပြဌာန်း ခဲ့သည်။ ထိုဥပဒေမူကြမ်း၏ အခန်း (၁၇)၊ ပုဒ်မ (၉၀) တွင် မည်သူမဆို ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရယူ၍ ဝန်ဆောင်ပေးသည့် ကွန်ရက်ပေါ်တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ Virtual Private Network(VPN) နည်းပညာ သို့မဟုတ် အလားတူနည်းပညာအသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ အဆိုပါကွန်ရက်ကို ဝင်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅ဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ထိုပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း လက်ရှိ အင်တာနက်သုံးစွဲသူ အားလုံးကို အချိန်မရွေးဖမ်းဆီးထောင်ချနိုင်အောင် ရည်ရွယ်ထားသည့် ပြဌာန်းချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ၂၀၂၂ ခုနှစ်အတွင်းက ရေးသားခဲ့ဖူးသည်။

“လူတိုင်းနီးပါးရဲ့ ဖုန်းထဲမှာ VPN လေးတွေခံပြီး သုံးနေရတဲ့အခြေအနေဖြစ်တာကြောင့် ဒီပုဒ်မဟာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။”ဟု ဦးနေဘုန်းလတ်က ​ထောက်ပြရေးသားခဲ့သည်။

ယခင်ကလည်း စစ်တပ်သည် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ (Electronic Transition Law) ဖြင့် Email တစ်စောင် ထောင် (၁၅) နှစ် ပြဌာန်းခဲ့ဖူးသည်။

အာဏာသိမ်း စစ်တပ်က ၎င်းတို့စိတ်ကြိုက်​ရေးဆွဲထား​သောဥပ​ဒေဖြင့် ပြည်သူများကိုခြိမ်း​ခြောက်နေချိန်တွင် VPN က စစ်ကောင်စီဝန်ထမ်းများအတွက် ငွေရပေါက်ရလမ်းတစ်ခု ဖြစ်လာခဲ့သည်။

မန္တလေးမြို့၌ ဇွန်လ ဒုတိယပတ်အတွင်းမှစတင်ကာ မြို့တွင်း စစ်ကောင်စီယာဥ်စစ်ဆေးရေးအဖွဲ့က ယာဥ်များတင်သာမက ဖုန်းထဲ၌ VPN ဆော့ဝဲရှိ၊မရှိပါ စစ်ဆေးလာကြောင်း မြို့ခံများက ပြောသည်။ အကယ်၍ ဖုန်းထဲ၌ VPN ဆော့ဝဲရှိနေပါက စစ်အုပ်စုက ကျပ်သိန်းချီ တောင်းယူနေကြောင်း မြို့ခံအချို့က ပြောသည်။

“အသိတစ်ယောက်ကြုံတာ။ လမ်း ၈၀ ပေါ်မှာ။ ၂ သိန်းပေးခဲ့ရတယ်။”ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဆေးရေးအဖွဲ့သည် ယခင်က နှစ်ဘက်ပိတ်၍သာ ဖမ်းတတ်သော်လည်း ယခုအခါ လေးဘက်လေးလံပိတ်ဆို့၍ ဖမ်းဆီးတတ်ကြောင်း၊ ထို့အပြင် လမ်းသုံးလေးပြအကွာအထိ လက်နက်ကိုင်စောင့်ဆိုင်းကာ ဖမ်းဆီးလေ့ရှိကြောင်း မြို့ခံများက ပြောသည်။

“၈၅လမ်းပေါ်မှာ လိုင်စင်စစ်တာမှတ်နေတာ။ ပြီးမှဖုန်းကိုယူစစ်တာ။ အသိတစ်ယောက်သူ့ဖုန်းထဲ VPN တွေ့လို့ဆိုပြီး သုံးသိန်းတောင်းတာ။ သုံးသောင်းနဲ့မနည်းညှိခဲ့ရတယ်။”ဟု မန္တလေးမြို့ခံ အသက်(၄၀)အရွယ် ယာဥ်မောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့် မန္တလေးမြို့တွင်း သွားလာပါက ဖုန်းအတွင်း VPN ဆော့ဝဲဖျက်၍ သွားလာနေရသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီသည် VPN အား လမ်းပေါ်တင်သာမက နေအိမ်များအထိပါ ဝင်ရောက်စစ်ဆေးနေသည်။ဇွန်လ ၁၃ ရက် ညက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၉၁လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ လက်ရွေးရပ်ကွက်တွင် အင်အား ၁၀ ယောက်ခန့်ဖြင့် နေအိမ်များထဲထိ ဝင်ရောက်ကာ ဖုန်းများ၌ VPN ရှိ၊မရှိ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

ထို့အပြင် VPN တွေစစ်နေကြောင်း Facebook ပေါ်၌တင်မိသည့် မန္တလေးမြို့နေအမျိုးသမီးတစ်ဦးကိုလည်း ဇွန်လ ၁၂ရက်တွင် စစ်တပ်က ဖမ်းဆီးသွားပြန်သည်။

မန္တလေးမြို့တင်မကပါ။ ရန်ကုန်မြို့အပါအဝင် အခြားနယ်မြို့နယ်များပါ စစ်ဆေးမှုပြုလုပ်လာခြင်းပင်။ ရန်ကုန်မြို့၌ ဇွန်လ ၁၃ရက်က လမ်းသွား၊လမ်းလာပြည်သူများအား စစ်ကောင်စီက VPN စစ်ဆေးမှုပြုလုပ်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူများ လူမှုကွန်ရက်၌ အချင်းချင်း သတိပေးမှုများပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်ညက စွန်းလွန်း (၁၉)ရပ်ကွက် မြောက်ဘက်ခြမ်းရှိ နေအိမ်များအား စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးချိန် ပြည်သူများ၏ ဖုန်းများအား VPNပါ၊မပါစစ်သည်။ VPNတွေ့ပါက တစ်သိန်းကျပ်တောင်းယူခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ထို့အပြင် မြင်းခြံအမှတ်(၅)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ကိုပါ ထပ်မံဝင်ရောက်ကာ ဆိုင်ထိုင်နေသူများ၏ ဖုန်းထဲ၌ VPN ရှိ၊မရှိ စစ်ဆေးသွားကြောင်း သိရသည်။

အထက်ပိုင်းဒေသများတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းမကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ပဲခူးတိုင်း၊ ပြည်မြို့၊ ပေါင်းတည်မြို့၊ဇီးကုန်းမြို့၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ဘိုကလေးမြို့များတွင်လည်း စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းများအား VPN ပါမပါစစ်ဆေးပြီး ငွေကျပ်သောင်းဂဏန်းမှ ၃ သိန်းအထိ တောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၃ ရက်ကပင် ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ပေါ်၌ ဖုန်းထဲ၌ VPN တွေ့သည့်အမျိုးသား နှစ်ဦးကို စစ်တပ်ကဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ပြည်သူများမှာ ပြင်ပထွက်တိုင်း စစ်ကောင်စီစစ်ဆေးရေးအဖွဲ့များအား ရှောင်ရှားနေရပြီး ဖုန်းထဲ၌ VPN ကို ဖျက်ပြီးမှ အပြင်ထွက်နေရသည်။

“သူတို့ရှိနေသမျှ ကာလပတ်လုံးကတော့ ဒီလိုပဲတင်းကြပ်နေမှာပဲ။ ကြုံနေရမှာပဲ။”ဟု အသက် ၄၀ကျော် ယာဥ်မောင်းအမျိုးသားက ပြောပါသည်။

စစ်​ကောင်စီကပြည်သူများ သတင်းအချက်အလက်များ ၊ ​တော်လှန်​ရေအ​ခြေအ​နေများကို ​ဖေစ်ဘွခ်​ပေါ်မှ သိ​နေကြခြင်း ၊​ဖေစ်ဘွခ်ကို အသုံးပြု၍ ​တော်လှန်​ရေး ရန်ပုံ​ငွေရှာ​ဖွေနိုင်ခြင်း စသည်တို့​ကြောင့်ပိတ်ဆို့ရန်အချိန်ပြည့်အားထုတ်​နေခြင်းဖြစ်​ကြောင်း​လေ့လာသူအချို့က သုံးသပ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ ရှုံးနိမ့်မှုများအား Facebook လူမှုကွန်ရက်မှတဆင့် ပြည်သူများ သိရှိနေကြောင်း၊ ၎င်းတို့၏ ဝါဒဖြန့်သတင်းစာနှင့် မီဒီယာများကိုလည်း ပြည်သူများ ဖတ်ရှုမှုနည်းပါးလာပြီး စစ်ကောင်စီပြောသမျှကို လက်ခံမှုနှုန်းနည်းလာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“စစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့်သတင်းစာနဲ့ သူတို့ရဲ့မီဒီယာတွေ သူတို့ရဲ့ပလက်ဖောင်းတွေကို ပြည်သူတွေကအသုံးပြုလာအောင်လို့ရယ်။ သူတို့ရဲ့ရှုံးနိမ့်နေတဲ့စစ်ရေးကို ပြည်သူတွေမသိအောင် VPN တွေကိုစစ်ဆေးလာတာပါ။ စစ်ကောင်စီရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ ပြည်သူတွေကိုအကြောက်တရားသွင်းမယ်။ ဖိအားပေးမယ်။ ခြိမ်းခြောက်မှုတွေလုပ်မယ်။ ဒါပေမယ့်စစ်ကောင်စီမသိတာက ပြည်သူတွေမှာ စစ်ကောင်စီချမှတ်လိုက်တဲ့ ဥပဒေတိုင်းကို ငြင်းဆန်နိုင်တဲ့ သတ္တိနဲ့ ငြင်းဆန်ရဲတဲ့သတ္တိတွေ ရှိကြတယ်။”ဟု ကိုသိုက်ထွန်းဦးကသုံးသပ် ပြောကြားသည်။

သတင်းစာဆရာတစ်ဦးကလည်း “စစ်အာဏာရှင် တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတခုအနေနဲ့ Facebook အပါအ၀င် ဆိုရှယ်မီဒီယာတွေက ပါ၀င်နေပါတယ်။ သတင်းတို့ တော်လှန်ရေးအတွက် ရံပုံငွေရှာတာတို့အတွက် facebook ပလပ်ဖောင်းက အလုပ်ဖြစ်နေတာ စကစက သိနေတယ်။ သူတို့(စကစ)အတွက် လက်နက်ကိုင်တိုက်ပွဲပြီးရင် အကြောက်ဆုံးက facebook ပဲ ဒါကြောင့် တလျောက်လုံး အမျိုးမျိုးနဲ့ facebook ကို သုံးမရအောင် နှောင့်နှေးအောင် လုပ်နေခဲ့တာ အခုထိပဲ။အခုလည်း VPN နဲ့သုံးလို့ရတဲ့အခြေနေကနေ ဘာနဲ့မှ သုံးမရအောင် တဆင့်တက် လုပ်ဆောင်လာတာပါ”ဟု​ပြောကြားသည်။

သို့​သော် VPN ကိုခံ ၍ ​ဖေစ်ဘွခ်သုံးရနေသည်ကိုစစ်​ကောင်စီကသိသဖြင့် VPN သုံးပါကဖမ်းမည်ဟုခြိမ်း​ခြောက်လာပြီး အမှန်တကယ် စစ်ဆေးခြင်းများ ရှိသကဲ့သို့
ပြည်သူများ၏အကြောက်တရားကို အသုံးချ၍ ခြိမ်းခြောက်ငွေညှစ်​နေခြင်းလည်းရှိလာနိုင်​ကြောင်းအထက်ပါသတင်းစာဆရာက​ပြောသည်။

စစ်​အုပ်စုသည်အာဏာသိမ်းသည့် ​ဖေ​ဖော်ဝါရီ ၁ ရက်မနက်အ​စောတွင် ဖုန်းနှင့် အင်တာနက်လိုင်းများပိတ်၍ အာဏာသိမ်းခဲ့သည်။အာဏာသိမ်းပြီး​နောက်ပိုင်း ၃ နှစ်​ကျော်ကာလတွင်လည်း အင်တာနက်ဖြတ်​တောက်ခြင်း၊
ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပြည်သူများ​၏ ​​ရေးသားမှုများကို​စောင့်ကြည့်ကာဖမ်းဆီး​ထောင်ချခြင်း ၊ဖုန်းများကိုစစ်​ဆေး၍ ​ဖေစ်ဘွခ် ၊​တော်လှန်​ရေးနှင့်ဆက်နွှယ်​သောအက်ပလီ​ကေးရှင်း ၊VPN အသုံးပြုပါက ဖမ်းဆီးခြင်းစသဖြင့် တစ်ဆင့်ထက်တဆင့်တိုး၍ ဖိနှိပ် လာခြင်းဖြစ်သည်။

အင်တာနက်နှင့် ဒစ်ဂျစ်တယ်အခွင့်အ​ရေး အ​ပေါ်​စောင့်
ကြည့်မှတ်တမ်းတင်​သောအဖွဲ့များဖြစ်​သော အသံ နှင့် Access Now တို့၏ထုတ်ပြန်ချက်အရ စစ်​ကောင်စီက မြို့နယ်​ပေါင်း ၈၀ ​ကျော်ကိုအင်တာနက်ဖြတ်​တောက်ခဲ့​ကြောင်း​ဖော်ပြထားသည်။

“စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေရာမှာ အင်တာနက် ပိတ်ဆို့ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပြီး ​​သတင်းရယူခွင့်ကို ပိတ်ပင်တာ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ လုပ်ဆောင်ဖို့ ခက်ခဲအောင်လုပ်ဆောင်နေသလို ဒေသတွေကိုလည်း တနေရာကနေတနေရာ ဆက်သွယ်လို့မရအောင် လုပ်ဆောင်နေပါတယ်။ စစ်တပ်ထိမ်းချုပ်မှုတွေ အောက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ ရှင်သန်ရေးအတွက် စစ်တပ်ရဲ့ အွန်လိုင်းနဲ့ မြေပြင်မှာရော ဖိနှိပ်မှုတွေအတွက် တာဝန်ခံဖို့ ဆက်ပြီး ဖိအားပေးတွန်းဖို့ လိုသလို၊ တစ်ဖက်မှာလည်း နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှုအောက်က ကင်းလွတ်တဲ့ လွတ်လပ်တဲ့အင်တာနက်ကွန်ရက်တွေ အစားထိုး တည်ဆောက်နိုင်ရေးအတွက် ရှိသမျှ အရင်းအမြစ်ကို ပေါင်းစုကာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုပါတယ်”ဟု ACCESS NOW ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ လေ့လာသုံးသပ်သူ မ​ဝေဖြိုးမြင့်က ‘မြန်မာနိုင်ငံ​၏သံကွန်ခြာ ။ ၂၀၂၃ မှာမြန်မာပြည်သူများခံစားကြုံ​တွေ့ရသည့် အင်တာနက်ပိတ်ဆို့မှုများနဲ့ ဖိနှိပ်မှုများ”အစီရင်ခံစာတွင်​ ​ပြောကြားထားသည်။

နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့် ၊ ဒစ်ဂျယ်တယ်အခွင့်အ​ရေး ၊ လူ့အခွင့်အ​ရေးအ​ပေါ်ဆိုးရွားစွာဖိနှိပ်မှုများ​ကြောင့်လည်း မြန်မာနိုင်ငံသည် Freedom House ၏ ၂၀၂၄ ခုနှစ်အတွက် ညွှန်းကိန်းတွင် နိုင်ငံ​ရေးလွတ်လပ်ခွင့် ၊ နိုင်ငံသားများအခွင့်အ​ရေးတို့အတွက် အမှတ် ၁၀၀ ​ရှိရာတွင် ရမှတ် ၈ မှတ်ဖြင့် လုံးဝမလွတ်လပ်​သောအာဏာရှင်နိုင်ငံအဖြစ်ရပ်တည်​နေပါသည်။စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ တွင် ရမှတ် ၃၀ အထိရကာအထိုက်အ​လျောက်လွတ်လပ်​သောနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့သည်။ ၂၀၁၇ တွင် ရမှတ် ၃၂ မှတ်အထိရရှိခဲ့ဖူး​လေသည်။

သို့​သော်နွေဦးတော်လှန်ရေး၌ စစ်ကောင်စီက မည်ကဲ့သို့ ဖိနှိပ်ပြီး သတင်းအချက်အလက်များကိုပိတ်ဆို့​နေသည်ဖြစ်ပါစေ ရသည့်နည်းဖြင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှု အောင်ပွဲအသီးသီးအား ပြည်သူများ သိရှိနေမည်ကို စစ်ကောင်စီကမေ့နေသည်ဟု ယူဆကြောင်း ကိုသိုက်ထွန်းဦးကဆိုသည်။

“ဒါကြောင့်မို့လို့လည်း VPNကိုပိတ်လိုက်ရုံနဲ့ သူတို့ရဲ့ရှုံးနိမ့်နေတဲ့စစ်ရေးအခြေအနေအားလုံးကို ပြည်သူတွေမသိနိုင်တော့ဘူးလို့ ယူဆတာလည်းပါပါလိမ့်မယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင်ပြောပါသည်။ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *