စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းမှူးအပါအဝင် ၄ ဦးပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရာဖူးကျေးရွာတွင် ယာယီစခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို ဗျူဟာ(၃၃) ပူးပေါင်းတပ်(တော်လှန်ရေးတပ်ဖွဲ့)မှ ဒရုန်းဖြင့် ဗုံကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်း(PDF)ထံက သိရသည်။

ဇွန်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး တဦး ဒဏ်ရာပြင်းထန်ရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းမှူးစခန်းချတဲ့နေရာ သူတို့ဗုံးသီးတွေ ထားတဲ့နေရာ အဲ့နေရာကို သေချာသိထားတဲ့အတွက် fixed wing droneနဲ့ တိုက်ခိုက်ခဲ့တာပါ၊ အဲ့နေ့က ဘယ်သူတွေထိတယ်ဆိုတာတော့ မသိသေးဘူး၊ ၁၂ရက်နေ့မှာ လေးယောက်ထိတယ်လို့ သိတယ်၊ ဒီနေ့မှာ စစ်ကြောင်းမှူးအပါ လေးယောက်ထိတာကို အတည်ပြုလို့ရပါပြီ” ဟု ဒေါနစစ်ကြောင်း(PDF)မှ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် (၈) လမ်းမကြီးကို စစ်ကောင်စီတပ် ခလရ (၂၇၃)ကံပေါက်၊ ခမရ (၄၀၈)၊ (၄၀၉)၊ (၄၁၀)ကလိန်အောင်တို့မှ အင်းအားအများအပြားဖြင့် ဇွန်လ ၃ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဇွန်လ ၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ် တဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

“စစ်ကြောင်းမှူးထိသွားတဲ့နေ့က စပြီး ဖြေးဖြေးချင်းနောက်ကို ဆုတ်ခွာသွားတယ်လို့ သိရတယ်၊ သူတို့ဆုတ်ခွာသွားတဲ့အချိန်မှာ အရပ်သားဈေးဆိုင်တို့ ဖုန်းဆိုင်တို့က ပစ္စည်းတွေ သယ်သွားတယ်လို့တော့ သတင်းရတယ်ပေါ့နော်၊ ပြည်သူတွေက ရွာမှာ ပြန်မနေရဲသေးဘူး”ဟု ဒေါနစစ်ကြောင်း (PDF)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ပြန်လည်ဆုတ်ခွာသွားသည့် လမ်းတလျှောက်ကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း နေအိမ်များ ဖောက်ထွင်းဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ဇွန်လ ၁၃ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များမှ အလယ်စခန်းကျေးရွာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး အမှတ်(၈)လမ်းမကြီးတွင်လည်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ်( MSRF )၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ( AD ) ၊ အထူးဒရုန်းတပ်ဖွဲ့ ( SawDragon Drone Force ) ၊ ရေးဒရုန်းတပ်ဖွဲ့ ( Y.A.F ) ၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (D.N.L.A )တို့ တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *