ကန်သုံးဆင့်ဆရာ တော်ကြီးက မိန့်ကြားပြီးနောက် ဖြစ်စဉ် အမှန်ကို စုံစမ်းမည်ဟု စစ်ကောင်စီက အရှက်ပြေ ထုတ်ပြန်

နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကန်သုံးဆင့်ဆရာ တော်ကြီးက မိန့်ကြားပြီးနောက် ဖြစ်စဉ် အမှန်ကို စုံစမ်းမည်ဟု စစ်ကောင်စီက အရှက်ပြေ ထုတ်ပြန်

နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကန်သုံးဆင့်ဆရာ တော်ကြီးက မိန့်ကြားပြီးနောက် စစ်ကောင်စီက ဖြစ်စဉ် အမှန်ကို စုံစမ်းမည်ဟု အရှက်ပြေ ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြိုသာမြိုနှင့်ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တိုစီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်း တိုတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ မိန့်ကြားမှုသည် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ် လျက်ရှိနေသဖြင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၊ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်ကောင်စီက ဝင်းနိမ္မိတာရုံဆရာတော်ကို PDF က ပစ်ခတ်သတ်ဖြတ်သည်ဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပျံလွန်တော်မူသည်အထိ ဖော ကားပေါ်မှ စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း ကားပေါ် တွင် အတူလိုက်ပါခဲ့သော မျက်မြင်သက်သေလည်းဖြစ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူလည်းဖြစ်သူ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ယမန်နေ့ တရားဝင်ရှင်းလင်း မိန့်ကြားခဲ့သည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုဖြစ်စဉ်နှင့် စစ်ဆေးခံရမှု ဖြစ်စဉ် အကြောင်း ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ မိန့်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဖောကားနဲ့တွေ့တယ်။ ဖောကားပေါ်မှာ ဘယ်သူပါလဲ မသိပါဘူး။ ကားဆရာကလည်း ဖောကားကို ဘေးချပြီးတော့ အတင်းမောင်းတာပဲ။ အဲဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ၀ိုင်းပစ်ပါတယ်။ ကားမှာ ၇ ချက် ၊ ၈ ချက် လောက်မှန်ပါတယ်။ အဲဒီသလို ပစ်တဲ့အခါမှာ ဘုရား တပည့်တော်လည်း မှန်မှန်းမသိ၊ သူ့လည်း မှန်မှန်းမသိ။ ဘုရားတပည့်တော်က တံခါးဖွင့်ပြီး အပြင်ဘက်ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးတွေ အလိမ်းလိမ်းအကပ်ကပ်ဖြစ်နေပါတယ်။ အဲဒီလို အလိမ်းလိမ်းအကပ်ကပ်ဖြစ်တဲ့အခါ ကားထဲ ကြည့်လိုက်တဲ့အခါ ဝင်းနေမ္မိတရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။

၀ိုင်းပြီးတော့ ဖောကားပေါ်ကနေ ၇ ချက်၊ ၈ ချက်လောက်ရှိပါတယ်။ဝင်းနိမ္မတာရုံ ဆရာတော်က တော့ တစ်ဘ၀ တစ်ခန္ဓာရုပ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့ မှန်စထိပါတယ်။ ဘုရား တပည့် တော် အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ၊ ဘုန်း ကြီး တွေကို ဒီလောက် ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့။ ရက်စက်လှချည်လား ဆိုတော့ အရှင်းဘုရားတို့ကို ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်ပါတယ်ဘုရားတဲ့။

သူတို့ကိုယ်တိုင် ဝန်ခံပါတယ်။ အဲဒီသလို ဝင်းနိမ္မတာရုံ ဆရာတော်က ကားထဲမှာ။ ဘုရားတပည့်တော်က ကားအပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားမကပ်ပါနဲ့၊ ဆရာတော် ဝေးဝေးနေပါတဲ့ ။ ကားဆရာက လက်ထိပါတယ်။ လက် ၃ ချောင်းပြတ်သွားပါတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲ ထိပါတယ်။ အရှင် ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဖုန်းတွေ ပေးပါ။ ဘယ်မှလည်း ဖုန်းမဆက်ပါနဲ့တဲ့။

အဲဒီနေရာမှာ ၂ နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်း မဘုန်းပေးရပါဘူး။ အဲဒီသလို ၂ နာရီလောက်ကြာပြီးတော့မှ ဒကာတို့ ဒီအတိုင်းနေလို့ မဖြစ်ဘူး။ ပျံတော်မူတဲ့ ပုဂ္ဂိုလ်ကတော့ ပျံတော်မူသွားပြီ။ ဘုန်း ကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးရဲ့ ခေါင်းမှာ ကုရဦးမှာ။ ရွာကို ပြန်ခွင့်ပြုပါ။ တော်တော်နဲ့ ခွင့်မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းလေးတော့ ထားခဲ့ပါ ဘုရားတဲ့။ အဲဒီလိုပါ။

၄ နာရီ၊ ၅ နာရီလောက် ပစ်ထားတာ မနက် ၁၀ နာရီခွဲ ကျော်ကျော်ကတည်းက ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီလောက်ကျမှ သူတို့ ဒီဆရာတော်တွေက သာမည ဆရာတော်တွေ မဟုတ်ဘူး၊ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာ တော်တွေဖြစ်တယ်ဆိုတာ သိမှ သူတို့က ပျာပျာသလဲနဲ့ ဘုန်းကြီးတို့ ကားနားကပ်တာပါ။ အဲဒီကျမှ သူတို့ လုပ်စရာရှိတာလုပ်တယ်။

တံတားဦးအထိတောင် တပည့်တော်တို့ကားနဲ့ လိုက်ပို့ပါ့မယ်ဘုရား။ ကိစ္စမရှိဘူး ဒကာတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေး ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံးကူညီပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲဒီသလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက်ရပါတယ်။

ဘုန်းကြီးကတော့ ဒုက္ခကို ဒုက္ခ မှန်းမသိဘူး။ ဘုန်းကြီးရဲ့ ကလျာဏမိတ္တ အလွန်အင်မတန်မှ စာတော်တဲ့ သာသနာတော်မှာ အလွန်တရာမှ အားကိုးရတဲ့ ဝင်းနိမ္မတာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့အတွက် ဘုန်းကြီးက ယူကျုံးမရ ဖြစ်ရပါတယ်။ ယူကျူံးမရ ဖြစ်ရပါတယ်။ ယူကျုံးမရ ဖြစ်ရပါတယ်။
၅ နာရီလောက်မှာ ဘုန်းကြီးတို့ ရွာက ဘုန်းကြီး ဒကာ ကားနဲ့ တံတားဦးအထိ လာ ပါတယ်။ ခုနက ကုသိုလ်တော်ကားကလည်း ရောက်လာပါတယ်။ ဆရာ တော် ဝင်းနေမ္မိတရုံ ကို တင်ပြီးတော့ တံတားဦးဆေးရုံကို မောင်းပါတယ်။ ဒီက ညွှန်ကြားတာက ဆေးလည်း မထိုးပါနဲ့၊ ဘာမှ မလုပ်ပါနဲ့ ဘုရား။ တပည့်တော်တို့ လာယူပါမယ်ဆိုလို့ ဘုန်းကြီးတို့က ဆေးလည်း မထိုးဘူး။ ဘာမှ လည်း မလုပ်ဘူး။
မဟာဝိသုဓါရုံတိုက်ဗဟိုဌာနက ရွှေကျင်ဆရာတော်က ဆရာတော်ကို ဆေးမထိုးလို့တော့မဖြစ်ဘူး။ ကြာကြာခံမှာမဟုတ်ဘူး။ ဆေးထိုးရမယ်၊ မန္တလေးခေါ်ခဲ့မယ် ဘုရားဆိုပြီးတော့ မန္တလေးက တံတားဦးဆေးရုံကိုသွားပါတယ်။ တံတားဦးဆေးရုံဆိုတာ အရင်တုန်းကတော့ မြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့။ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့ အဲဒီမှာ တော်တော်ကြာပါတယ်။ အဲဒီကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ သူတို့ဘက်က ။ ဘယ်ဘက် ရယ်လို့ ဘုန်းကြီးမပြောလိုဘူး။ PDF ဘက်လို့ မဆိုလိုဘူး။ အစိုးရလို့လည်း မဆိုလိုဘူး။ ကိုယ့်ဟာကိုယ်သာ မှန်းကြည့်ပါ။

ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီး တို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေ ဖြစ်သွားပြီ။ အဲဒီလိုပဲ ပြောပါတယ်။ ဘုန်းကြီးကို ခဏခဏ လာစစ်တယ်။ သူတို့ လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခဏခဏ လာစစ်တယ်။ ဘုန်းကြီးကလည်း အဖြစ်မှန်တိုင်းပဲ ပြောတယ်။ ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ ချက်၊ ၈ ချက် ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့ မဆိုလိုဘူး။ တောဘက်ကလည်း ဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့ မပြောလိုဘူး။

သူတို့လိုချင်တဲ့စကားလုံးမရဘူး။ ဘုန်းကြီးကို တံတားဦးဆေးရုံမှာ ၃ ၊ ၄ ခါလောက် လာစစ်တယ်။ အဲဒီကနေ တံတားဦးဆေးရုံကနေ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်း ကြွပေးပါဦးဘုရားဆိုပြီး ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်း ပြန်ပြီးတော့ ဆေးကုပေးပါ့မယ်ဘုရား။ တိုင်းမှူးက မေးစရာရှိတာလည်း မေးပါဦးမယ်ဘုရားတဲ့။ ဘုန်းကြီးတို့ နန်းတွင်း သွားပါတယ်။ ဘုန်းကြီးတို့ ဝိသုဓါရုံရွှေကျင်ကျောင်းကကားနဲ့သွားပါတယ်။

သူတို့မေးချင်ရာမေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို သူတို့မှန်စလေးကို ထုတ် ပေးပါတယ်။ ၃ ချက်ချုပ်ပါတယ်။ ပတ်တီးစည်းပေးလိုက်ပါတယ်။ ည ၉ နာရီအထိ နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါ။ ဘုန်းကြီးကို နန်းတွင်းထဲကျတော့ ၅ ခါလောက် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ရှေ့က ပြောပြီးသား စကားကို နောက်စကားနဲ့တူညီအောင် ထွက်ဆိုပါတယ်။

၁၀ နာရီခွဲကျမှ ရွှေကျင်ကျောင်း မဟာဝိသုဓါရုံကျောင်းကို ရောက်ပါတယ်။ မနက် ၄ နာရီခွဲ အရုဏ်တက်တော့ ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုန်းပေးပါတယ်။ ညက ဝင်းနေမ္မတရုံဆရာတော်ရဲ့ ရုပ်ကလပ်ကို သယ်သွားကြပါတယ်။ မနက် ၄ နာရီလောက်ရောက်တယ်လို့ ဖုန်းဆက်ပါတယ်။

အရုဏ်ဆွမ်း ဘုန်းပေးပြီးတော့ ကြွလာပါတယ်။ ၁၁၅ မိုင်မှာ နေ့ဆွမ်းဘုန်းပေးပါတယ်။ ဒီမှာ အစည်း အဝေး ရှိတယ်ဆိုလို့ ဘုန်းကြီးတို့က အမြန်ပဲ မောင်းလာပါတယ်။ မီတာ ၁၂၀ လောက် မောင်းပါတယ်။

ဘုန်းကြီးနဲ့ ဝင်းနိမ္မတာရုံ တို့ရဲ့ အဖြစ်အပျက်ကတော့ ခရီးသွားလို့မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး သွားတက်တာဖြစ်ပါတယ်။

ဘုန်းကြီးတို့က ရန်သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ ကြီးမားသွားပါတယ်လို့ ဘုန်းကြီးက ဒကာ၊ ဒကာမတွေကော သံဃာ တော်တွေ ဆရာတော်တွေရော သိစေချင်တဲ့အတွက် ပြောကြားရင်း ဘုရား တပည့်တော်ရဲ့ စကား နိဂုံးချုပ်ပါတယ် ဘုရား။”


Comments

Leave a Reply

Your email address will not be published. Required fields are marked *