နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၃၀)ကျော်သေဆုံးကြောင်း MSRFမှ တာဝန်ရှိသူပြော

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း၊ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီစစ်ကြောင်းအကြား ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှ ယမန်နေ့ ၂၀ ရက်နေ့ အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၃၀)ကျော်သေဆုံးပြီး (၂၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့ ရာဖူးကျေးရွာသစ်အနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ကလိန်အောင် အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၄၀၈)၊ (ခမရ-၄၀၉) နှင့် (ခမရ-၄၁၀)တပ်ဖွဲ့ဝင်များနှင့် ဒေသ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အထိအခိုက် များခဲ့ခြင်း ဖြစ်ကြောင်း (MSRF)မှ ပြောခွင့်ရ နိုင်နဂါးက ယခုလိုပြောသည်။

၎င်းက “အင်အား (၄၀၀) ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ စပြီးထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်တွေ သေတာ ကို ကျနော်တို့အနေနဲ့က မျက်မြင်တွေ့တာတွေရှိတယ်။ ကျနော်တို့ အရှေ့မှာဘဲ အတုံးအရုံး သေကြတာ။ မူးယစ် ဆေး စိတ်ကြွရူးသွပ်ဆေးပြားတွေသုံးထားကြလို့ထင်တယ်။ သူတို့သေလည်း တတ်လာကြတာဘဲ။ မျက်မြင် တွေ့တာကတော့ အယောက် (၃၀) နီးပါးအထိရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)အပြင် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်ဦး(ABSDF)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ရေးပြောက်ကျား တပ်ဖွဲ့ (YGF)၊ ရေးသိမ်းငှက်၊ Ye Air Force(YAF)နှင့် မွန်ပြည်သစ်ပါတီ-NMSP(AD) တို့ မှပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယခုလို စစ်ကောင်စီဘက်အထိအခိုက်အကျအဆုံးများခြင်းကြောင့် လေကြောင်း တိုက်ခိုက်မှုပါစစ်ကူပေးခဲ့ သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အကျအဆုံးမရှိသော်လည်း နှစ်ဖက်တိုက်ပွဲအတွင်း (MSRF) တပ်ဖွဲ့ဝင် ၂ ဦး၊ ABSDF တပ်ဖွဲ့ဝင်တဦးနဲ့ ကံပေါက် PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီထံမှ (MA 2) တစ်လက် ရရှိခဲ့ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မြိတ်လေတပ်စခန်းမှတက်လာသည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၄ စီးမှ တိုက်ပွဲဖြစ်ပွားရာ မျောက်ချောရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီအခြေစိုက် တပ်ရင်းများ မှလည်း လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နေအိမ် အလုံး(၃၀) ကျော် မီးလောင်ပျက်စီးခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

လက်ရှိတွင်လည်း အဆိုပါလမ်းပိုင်းအတွင်း နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး လမ်းပိုင်း အသုံးပြုနေသည့် ဒေသခံများ အနေဖြင့် အရေးကြီးကိစ္စမဟုတ်ပါက ရေး-ထားဝယ်လမ်းပိုင်းကို အသုံးမပြုကြရန် နှင့်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် စစ်ရေးသတိများရှိကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သတိပေး ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *