ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဥ်ကို သည်းခံမေ့ပျောက်‌ရန် သီတဂူဆရာတော် မိန့်ကြား

အာဏာရှင်ကိုထောက်ခံမှုနှင့် လူမိုက်အားပေးဟောပြောမှုဟု ရွှေဝါရောင်ဆရာတော်များ မိန့်ကြား

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဥ်အား သံဃာတော်များအနေဖြင့် သည်းခံခွင့်လွှတ်မေ့ပျောက်ပေးရန် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရက အဆိုပါ အန္တိမစျာပနအခမ်းအနား၌ မိန့်ကြားသည်။

ယနေ့(ဇွန်လ ၂၂ ရက်)က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမစျာပန အခမ်းအနားသို့ သီတဂူဆရာတော်ကြွရောက်လာပြီး သံဃာတော်များအား အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။ နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲ့ဒါကြောင့် တိုင်းသူပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါ ဘုရား။ နှစ် ခွင့်လွှတ်တော်မူကြပါ။ သုံးက မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေဟာ အားပေးမိရာမရောက်အောင် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား”ဟု သီတဂူဆရာတော်က မိန့်ကြားသည်။

ထို့အပြင် ဘုရားလက်ထက်က ရှင်မဟာမောဂ္ဂလာန်အား လူဆိုး ၅၀၀ ဝိုင်းရိုက်၍ ပျံလွန်တော်မူခဲ့သော်လည်း မည်သည့်ပဋိပက္ခမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သီတဂူဆရာတော်က ဥပမာပေးသည်။

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်ဖြစ်သလို ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်လည်းဖြစ်သည်။ မန္တလေးမြို့၌ပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးတက်ရောက်ရန်လာရောက်ရင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ရွှေကျင်သာသနာဂိုဏ်းချုပ်ဥက္ကဌမှာ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဖြစ်သည်။ သီတဂူဆရာတော်၏ မိန့်ကြားမှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်နေသည်။

ဂိုဏ်းတူ ဆရာတော်တစ်ပါးအား စစ်ကောင်စီတပ်သားများက ပစ်သတ်လိုက်မှုအပေါ်တွင် တစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခြင်းမရှိဘဲ ယခုကဲ့သို့ သည်းခံပေးကြရန် သီတဂူဆရာတော်က မိန့်ကြားလိုက်ခြင်းဟု ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ(နော်ဝေ)က မိန့်ကြားသည်။

“အဓိကတော့ ဆရာတော်ကြီး(သီတဂူဆရာတော်)က အာဏာရှင်ကိုထောက်ခံလိုက်တာ။ နောက်ဆုံးတော့ အာဏာရှင် ကျူးလွန်သမျှ အမှန်ဆိုတာကို ပြလိုက်တာပါပဲ။ ပြည်သူကို ဘယ်တော့မှာ မျက်နှာမမူဘူးဆိုတာကို ပြလိုက်တာပါပဲ။ အဓိကတော့ အကျိုးစီးပွါးပါပဲ။တိုင်းပြည်သားတွေကတော နစ်နာပြီး၊ နစ်နာကြပေါ့”ဟု ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ(နော်ဝေ)က မိန့်ကြားသည်။

ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မကကလည်း “အခုဆရာတော်ကြီး မိန့်ကြားတာက မေတ္တာဂရုဏာသည်းခံခြင်းဆိုတဲ့ဟာကို ပြောနေပေမယ့် မြတ်စွာဘုရားရဲ့အလိုကျ မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့အလိုကျက မြတ်စွာဘုရားရဲ့သည်းခံခြင်းအလိုရှိနည်းဆိုတာက အဲဒီလိုဟာမျိုးကို ပြောတာမဟုတ်ဘူး။ မှန်တာကို မှန်တဲ့အကြောင်းပြောရမယ်။ မှားတာကိုတော့ မှားတဲ့အကြောင်းပြောရမယ်။ ‌ဖြေရှင်းရမယ်။ ဒါမှသာလျင်သူက အမှန်တရားပေါ်မှာ။ အခုက သည်းခံတာမဟုတ်ဘဲ အဂတိလိုက်စားတာ။ လူမိုက်အားပေးလုပ်တာ။ ဒီလိုပဲ ဦးဇင်းတို့ သုံးသပ်တယ်”ဟု မိန့်ကြားသည်။

“သီတဂူဆရာတော်ဆိုတာ ကိုယ့်ဆရာတစ်ဆူပါပဲ။ ပြောထွက်တာ တော်တော်အံ့သြတယ်”ဟု မန္တလေးမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

သီတဂူဆရာတော်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အန္တိမစျာပနအခမ်းအနားကျင်းပမည့်နေ့တွင် ရှိနေမည်မဟုတ်ဘဲ ဆွစ်ဇာလန်နိုင်ကံသို့ သွားရောက်ဆေးကုသရမည်ဟုလည်း ထပ်မံမိန့်ကြားသည်။

” ဘန်ကောက်မှာကတော့ ဗမာနိုင်ငံက သံဃာတော်တွေရော၊ လူတွေရော ဆေးရုံတကာဆေးရုံမှာ‌ခြေကျင်းလိမ်အောင်သွားနေကြတာဆိုတော့ အဲလောက်လူစည်ကားတဲ့နေရာတွေ တပည့်တော်က ရှောင်တယ်။ အဲဒါကြောင့်သာ ဆွစ်ဇာလန်သွားဆေးစစ်မယ်။ လွန်ခဲ့တဲ့ လေးနှစ်က တစ်ခါစစ်ဖူးတယ်”ဟု သီတဂူဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်သည် ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ လှည့်ကင်း၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဖြစ်စဥ်မှာ လွန်စွာထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး)က ဇွန်လ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနပွဲကို ဇွန်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဇွန်လ ၂၄ ရက်မှ ၂၆ရက်အထိ ညတရားပွဲ သုံးရက်တိုင် ကျင်းပပူဇော်မည်ဟု သိရသည်။

(ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနအား လာရောက်သည့် သီတဂူဆရာတော်အား ယနေ့ တွေ့ရစဥ်။ ဓာတ်ပုံ – ဝင်းနိမ္မိတာရုံစာသင်တိုက်)

👇🏻👇🏻👇🏻👇🏻👇🏻

အဲ့ဒီ့တုန်းက ‘အရှင်မဟာမောဂ္ဂလာန်မထေရ်ကို လူဆိုးဓားပြတို့ သတ်ကြသည်’ ဆိုတဲ့ သတင်းစကားက ဇမ္ဗူဒိပ်တကျွန်းလုံး ပြန့်နှံ့သွားပါလေရော။

အဇာတသတ်မင်းက လူဆိုးဓားပြတွေကို အရဖမ်းဖို့ သူလျိူယောကျ်ားတွေကို နိုင်ငံ အနှံ့အပြား စေလွှတ် စုံစမ်းခိုင်းသတဲ့။

အဲ့ဒီ သတ်သမားတွေက သေတင်းကုပ် (အရက်ဆိုင်)မှာ အရက်သောက်နေကြတုန်း စကားတွေမှား၊ အဲ့ဒီ့တော့ သူလျိူတွေက အဇာတသတ်မင်းဆီ ဖမ်းခေါ်သွားလိုက်ကြပါလေရော..

အဇာတသတ်မင်းက လူသတ်သမားတွေကို မေးတယ်။

❝ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကို သင်တို့ သတ်အပ်သလော ❞

❝ သတ်ပါသည်❞

❝ ဘယ်သူ မြှောက်ပေးလိုက်တာလဲ❞

❝ ဟို ကိုယ်လုံးတီးကိုယ်တော် ၅၀၀ ကငွေပေးသတ်ခိုင်းတာပါဘုရား၊ တိတ္ထိတက္ကတွန်းတွေပေါ့❞

အဇာတသတ်မင်းက တိတ္ထိတက္ကတွန်း ၅၀၀ ကိုပါဖမ်း— အားလုံး ၁၀၀၀ ကို အမှုန့်ကြိတ်ပြီး ဖုတ် ပစ်လိုက်ပါလေသတဲ့။

[အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူ ကြောင်းကို (ဇာဋ္ဌ ၅ ၊ ၁၃၃.၁၃၄. ၁၃၅) စတ္တာလီသနိပါတ် သရဘင်္ဂ (ဓမ္မပဒဋ္ဌ ၂၊ ၄၃) မဟာမောဂ္ဂလ္လာနတ္ထေုအဖွင့်မှ ထုတ်နုတ်ဖော်ပြအပ်သည်]

အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ရဲ့ ဈပနကိစ္စကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြပ်မက် သဂြိုဟ်တော်မူခဲ့ပါတယ်တဲ့။

🍂

သီတဂူဆရာတော်ကြီးကို မြတ်နိုးယုံကြည်တဲ့ တပည့်ကြီးမင်းအောင်လှိုင် သူ့ဆရာဟောတဲ့အတိုင်း အပြစ်ရှိသူ ၁၀၀၀ လောက်ကို အပြစ်စီရင်တော့မယ်ထင်တယ်နော် 🙂‍↔️

ကျမ ထင်နေပါတယ်

မရွှေမိုး-ကိုရီးယား


Comments

Leave a Reply

Your email address will not be published. Required fields are marked *