သီတဂူက ပြောဆိုမှု တိုင်းပြည် ဖျက်ဆီး အကြမ်းဖက် သူများဘက်မှ အတိအလင်းရပ်တည်ဟု ကြေညာမှုဖြစ်

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု မေ့ပျောက်၊ သည်းခံ ၊ ခွင့် လွှတ်ရန် သီတဂူက ပြောဆိုမှု တိုင်းပြည် ဖျက်ဆီး အကြမ်းဖက် သူများဘက်မှ အတိအလင်းရပ်တည်ဟု ကြေညာမှုဖြစ်

NLD အစိုးရလက်ထက် မီတာခ တိုးတောင်းမှုအပေါ် သည်းမခံခဲ့သော သီတဂူ က စစ်တပ်၏ ပစ်သတ်မှု အပေါ် သည်းခံခိုင်းမှု အလွန်အံ့ဩ တရားကျစရာဖြစ်ဟု သံဃာတချို့ သုံးသပ်

ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ သီတဂူက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် သံဃာများအနေဖြင့် မေ့ပျောက်၊ သည်းခံ ၊ ခွင့်လွှတ်ရန်ပြောဆိုလိုက်မှုသည် တိုင်းပြည်ဖျက်ဆီးသူများဘက်မှ အတိအလင်းရပ်တည်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားသည်။

သီတဂူက ယနေ့ ဝင်းနိမ္မိတာရုံဆရာတော်၏ ဈာပနာသို့ လာရောက်ပြီး စစ်တပ်၏ ပစ်ခတ်မှုကို မှားယွင်းမှုဟု အမည်တပ်က သံဃာတော်များအနေဖြင့် သည်းခံကြရန် ပြောဆိုသွားခြင်းဖြစ်သည်။

“မှားယွင်းမှု တစ်ခုခုကြောင့် ဒီလိုဖြစ်ရတဲ့ အဖြစ်အပျက်ကို အခြေခံပြီးတော့ တိုင်းပြည်ကသံဃာတော် ၊ တိုင်းသူ ပြည်သားတွေ သံဃာတော်တွေနဲ့ နိုင်ငံတော်အစိုးရ အခြေအနေ ဒီနေ့ ကမ္ဘာ့အခြေအနေအရပ်ရပ်ကို ကြည့်ပြီးတော့ ကိုင်းကို ကျွန်းမှီ၊ ကျွန်းကို ကိုင်းမှီ ဒီအပြန်အလှန် အင်အားဖြင့် တပည့်တော်တို့ တိုင်းပြည်ကို ၀ိုင်းထိန်းကြရမယ်။ ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။ နိုင်ငံတော်နဲ့ တပည့် တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲ့ဒါကြောင့် တိုင်းသူ ပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါ ဘုရား။ နှစ် ခွင့်လွှတ်တော်မူကြပါ။ သုံးက မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေဟာ အားပေးမိရာမရောက်အောင် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား”ဟု သီတဂူက ပြောဆိုသည်။

သီတဂူ၏ ပြောဆိုချက်သည် တိုင်းပြည်ကို ဖျက်ဆီးနေသူများဘက်မှ ပြောင်ပြောင် တင်းတင်းရပ်တည်လိုက်ခြင်းဖြစ်ကြောင်း၊ သီတဂူ၏ နှလုံးသားတွင် အမှန်တရားကို မြတ်နိုးမှု မရှိကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားသည်။

“တိုင်းပြည်အာဏာလုထားတဲ့ သူပုန် မိစ္ဆာတပ်ကို ၊ တိုင်းသူပြည်သား ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထောင်ချပြီးတော့ မတရားမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ်ဆိုပြီး သေနတ်နဲ့ ပစ်ခဲ့သူတွေကို ဒီငမိုက်သားတစ်စုကို၊ တိုင်းပြည်ကာကွယ်ရမယ့် စစ်တပ်ကို တိုင်းသူ ပြည်သားကို သတ်ဖြတ် မီးရှို့နေတဲ့ ဒီကောင်တွေကို အစိုးရလို့ ပြောလိုက်ခြင်းသည် တိုင်းသူပြည်သားကို လုပ်ကြံသူဘက်က အတိအလင်းထုတ်ဖော်ပါဝင်ခြင်းဖြစ်တယ်လို့ ဦးဇင်းတို့က ဉာဏိသရကို ပြောချင်ပါတယ်။ ဒီဘုန်းကြီးက ဘာသိက္ခာ ဘာပညာ မရှိဘူး။ စာပေသင်ထားလို့ သူတတ်မယ်၊ သို့သော် နှလုံးသားထဲမှာ အမှန်တရားမြတ်နိုးတဲ့ သိက္ခာ တစ်စက်မှ မရှိတဲ့သူပါလို့ ဦးဇင်းတို့ ပြောချင်တယ်” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားသည်။

ထို့ပြင် ဘုရားရှင်၏ လက်ဝဲရံ ရှင်မဟာမောဂ္ဂလာန်ကို လူဆိုး ၅၀၀ ဝိုင်းရိုက်၍ ပျံလွန်တော်မူခဲ့သော်လည်း မည်သည့်ပဋိပက္ခမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ ဗုဒ္ဓ၏ ဝါဒသည် သည်းခံခြင်းဖြစ်ကြောင်း သီတဂူက သံဃာများကို ပြောဆိုခဲ့သည်။

NLD အစိုးရလက်ထက် မီတာခ တိုးတောင်းမှုအပေါ် သည်းမခံခဲ့သော သီတဂူက ရွှေကျင်ဂိုဏ်း ဦးဆောင်ဆရာတော်လည်းဖြစ်၊ သာသနာတော်အတွက် အဖိုးတန်သော သာသနာ့အာဇာနည် ဆရာတော်တစ်ပါးလည်းဖြစ်သော ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် သည်း ခံခိုင်းမှုမှာ အလွန်အံ့ဩဖွယ် တရားကျဖွယ်ရာဖြစ်သည်ဟု သံဃာတော်တစ်ပါးက မှတ်ချက်ပြုထားသည်။

“တရားကျဖို့ကောင်းလိုက်တာ မီတာခတိုးကောက်တာကို သီးခံတော်မမူနိုင်ခဲ့တဲ့ ဆရာတော်ကြီးက သာသနာတော်မှာ တန်းဖိုးဖြတ်လို့ မရနိုင်တဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့တာကို သည်းခံတဲ့ဗျာ။ ကိုယ်ရဟန်းဖြစ်ပြီးစအချိန်တုန်းက ရဟန်းဒကာကြီး ပြောဘူးတယ်-ဦးဇင်းလေး။ သီတဂူဆရာတော်ကို သိတယ်မဟုတ်လား… ဦးဇင်းလေးက သူ့ကိုအားကျမနေနဲ့၊ သီတဂူဆရာတော်လုပ်နေတဲ့လူမှုရေးလုပ်ငန်းတွေဆို တာ ရဟန်းတပါးလုပ်ရမယ့်အလုပ်တွေ မဟုတ်ဘူးတဲ့။ ကိုယ့်ရဟန်းဒကာကြီးပြောခဲ့တာကို အခုမှပဲ သာဓုအကြိမ်ကြိမ်ခေါ်ရတော့တယ်” ဟု အရှင် သူရိယာလင်္ကာရ က မိန့်ကြားထားသည်။

သီတဂူက ၎င်းအနေဖြင့် ဝင်းနိမ္မိတာရုံဆရာတော်၏ ဈာပနကိုလည်း မတက်ရောက်ဘဲ ဇွန်လ ၂၃ ရက်နေ့ ဆွစ်ဇာလန်တွင် ဆေးသွားစစ်မည်ဖြစ်ကြောင်း၊ ဘန်ကောက်တွင် သံဃာနှင့်လူများပြားလွန်း၍ ဆွစ်ဇာလန်တွင် ဆေးစစ်ရန် သွားရမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *