သမ္မတဟောင်း ဦးသိန်းစိန် တရုတ်ပြည်သို့ သွားရောက်

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဟောင်း ဦးသိန်းစိန် ယနေ့ (ဇွန် ၂၇) တွင် တရုတ်နိုင်ငံသို့ သွားရောက်ကြောင်း ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အသက် ၇၉ နှစ်အရွယ် ဦးသိန်းစိန်သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်များ၊ တရုတ်သံတမန်များနှင့် ရံဖန်ရံခါ တွေ့ဆုံလေ့ရှိပြီး ယခု ခရီးထွက်ခြင်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပထမဆုံးအကြိမ် လူရှေ့ထွက်ခြင်း ဖြစ်လာသည်။

တရုတ်က ဇွန် ၂၈ တွင် ကျင်းပမည့် အခမ်းအနားကို နိုင်ငံရေးခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များ၊ သတင်းသမားများ၊ လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထားသည်၊ တရုတ်အစိုးရခေါင်းဆောင်ပိုင်းနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်မည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုပွဲကို နိုင်ငံတကာမှ ထင်ရှားသူများ တက်ရောက်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။

တရုတ်ပွဲသို့ သွားမည့်သူများထဲ သီရိလင်္ကာသမ္မတဟောင်း Mahinda Rajapaksa ပါဝင်သည်ဟု သီရိလင်္ကာ အွန်လိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဦးသိန်းစိန်အပြင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ တရုတ်နှင့် နီးစပ်သော အရပ်ဘက်အဖွဲ့ ၂ ဖွဲ့၏ ဥက္ကဋ္ဌများလည်း အခမ်းအနားသို့ တက်မည်ဖြစ်ကြောင်း၊ တရုတ်သံအမတ်နှင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးတို့က ဦးသိန်းစိန်ကို ရန်ကုန်လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်တွင် တွေ့ရသည်။

တရုတ်သံအမတ် Mr. Chen Hai သည် ခရီးစဉ် မတိုင်မီ ဦးသိန်းစိန်နှင့် တစ်ရက် ကြိုတင်တွေ့ဆုံပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းမှတ်အခမ်းအနားကို တရုတ်သံရုံးက ရန်ကုန်တွင်လည်း ဇွန် ၂၀ ရက်နေ့က ကျင်းပခဲ့သေးသည်။ ထိုပွဲတွင် တရုတ်သံရုံး သံမှူးက တရုတ်နိုင်ငံသည် အမြဲတစေ မြန်မာနိုင်ငံပြည်သူဘက်မှ ရပ်တည်နေကြောင်း ပြောခဲ့သည်ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်က ဘန်ဒေါင်းမူဟုလည်း လူသိများသည့် ထိုမူ ၅ ချက်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊ အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရန် စသည့်အချက်များ ပါဝင်သည်။

သို့သော် တရုတ်နိုင်ငံသည် အာဏာရှင်အဆက်အဆက်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေချိန်များတွင် တရုတ်က ကြားဝင် စွက်ဖက် ဖိအားပေးလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း TNLA ပါဝင်သည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အကောင်အထည်ဖော်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီးနောက် တရုတ်အစိုးရ၏ ဖိအားကြောင့် ရပ်ဆိုင်းခဲ့ရသည်။

ယခုတစ်ဖန် TNLA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ် ပြန်လည်စတင်လာခြင်းဖြစ်သည်၊ TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ယခုတိုက်ပွဲများကို “၁၀၂၇ စစ်ဆင်ရေး” ၏ အဆက်ဟု ဖော်ညွှန်းထားသည်။

TNLA ထိုးစစ်သည် တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်မှ ပြန်သွားပြီး သီတင်းတစ်ပတ်ခန့်အကြာတွင် စတင်လာခဲ့သည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုများရှိရာ ရခိုင်တောင်ပိုင်းတွင်လည်း အာရက္ခတပ်တော် AA ၏ ထိုးစစ်များပြင်းထန်နေပြီး တရုတ်က အဆိုပါ စစ်ပွဲများ ရပ်တန့် ကြိုးစားနေသည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *