ရှမ်းမြောက် တိုက်ပွဲပြင်းထန်နေချိန် စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ဇွန်လ ၂၈ ရက် ဒီနေ့မှာ ပြုလုပ်ပါတယ်။

နိုင်ငံတစ်ဝန်းက တိုင်းစစ်ဌာနချုပ်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်းစစ်ဌာနချုပ်တွေရဲ့ စစ်ကောင်စီတပ် အဆင့်မြင့်အရာရှိကြီးတွေနဲ့ တိုင်းစစ်ကောင်စီအဖွဲ့တွေ တက်ရောက်တာကို စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

စစ်မှုထမ်း အပတ်စဉ်(၁) ကို ပြီးခဲ့တဲ့ ဧပြီလက စခဲ့တာဖြစ်ပြီး စစ်အခြေခံလေ့ကျင့်ရေးသင်ကြားပြီး သုံးလအကြာမှာ အခုလို သင်တန်းဆင်းခဲ့တာပါ။

သင်တန်းဆင်းတဲ့ စစ်မှုထမ်းအရေအတွက်ကို ဖော်ပြထားတာမရှိပေမဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ကတော့ ပထမအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းကလူငယ် ငါးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စစ်သင်တန်းဆင်းပြီးသူတွေကို ဘယ်လိုနေရာတွေမှာ တာဝန်ချထားမလဲဆိုတာတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ စစ်မှုတန်းသင်တန်း အမှတ်စဉ် (၃) အထိ စစ်ကောင်စီက ဖွင့်လှစ်ထားပြီး ဒေသတချို့မှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

Photo: ရန်ကုန်တိုင်း၊ စစ်မှုထမ်း အမှတ်စဉ်(၁) သင်တန်းသားများ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကျင်းပစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *