ဒိန်းဒေါင် စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းနေတာလို့ ဝေဖန်လိုက်တဲ့ အောင်သော်

ဒိန်းဒေါင် စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းနေတာလို့ ဝေဖန်လိုက်တဲ့ အောင်သော်

လူရွှင်တော် ဒိန်းဒေါင်ဟာ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဆိုတဲ့အဖွဲ့ကို အကြောင်းပြပြီး အာဏာသိမ်းစစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေတာလို့ နာမည်ကျော်လူရွှင်တော် အောင်သော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒိန်းဒေါင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး (ဗဟို) က နေပြည်တော်မှာ ဇူလိုင်လ ၉ ရက်နေ့က သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနဲ့ ဟာသပညာထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဒိန်းဒေါင်ဦးဆောင်တဲ့အဖွဲ့ဟာ ဟာသပညာ ထူးချွန်ဆု၊ ပရဟိတ ထူးချွန်ဆု၊ ဟာသပံ့ပိုးမှု ထူးချွန်ဆု၊ ဟာသပညာ ဖန်တီးမှုထူးချွန်ဆု စသဖြင့် တခါမှ မကြားဖူးခဲ့တဲ့ ထူးချွန်ဆုတွေပေးအပ်ခဲ့တဲ့အတွက် ဒီလုပ်ရပ်ဟာ စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေတာဖြစ်ကြောင်း လူရွှင်တော်အောင်သောက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

“ဒိန်းဒေါင်ဟာ သူတို့အဘတွေအတွက် စည်းရုံးပြီးတော့ လိုက်ခေါ်နေတာ။ အဓိကက အဲ့ကောင်ပဲ။ သူ့ဟာသူ ကင်းကင်းရှင်းရှင်းနေတဲ့အနုပညာရှင်တွေတောင် သူတို့ဘက်ကိုပါဖို့ ဆွဲခေါ်တာ။ မလိုက်ဘူးလား၊ မလိုက်ရင် ငါအဘတွေကို ပြောလိုက်မယ်နော်ဆိုတာကအစ အဲ့အသံတွေကအစ ကျွန်တော်သိတယ်”လို့ လူရွှင်တော် အောင်သော်က YouTube ကနေထုတ်လွှင့်တဲ့ သူ့ရဲ့အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒိန်းဒေါင်တို့အသင်းဟာ ဟာသပညာ ထူးချွန်ဆုအဖြစ် မင်းသား မြင့်မြတ်၊ လူရွှင်တော် ခင်လှိုင်၊ ဟာသ ဇာတ်လမ်းတိုရိုက်ကူးတဲ့ မာမီသက်၊ မိုးညိုတို့ကိုပေးအပ်ခဲ့ပြီး ပရဟိတ ထူးချွန်ဆုကို သရုပ်ဆောင်ဟောင်း ထူးခန့်ကျော်ကို ပေးအပ်ခဲ့ပါတယ်။

ဟာသပညာ ပံ့ပိုးမှုထူးချွန်းဆုကို အုန်းဒိုင်း၊ ဟာသပညာဖန်တီးမှုထူးချွန်ဆုကို လူရွှင်တော် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)နဲ့ မောင်သီတို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီဆုတွေကို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းတို့က ချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံတော်ဘတ်ဂျတ်တွေသုံးပြီး အခုလိုဆုပေးတာဟာ စစ်ကောင်စီက အနုပညာရှင်တွေကို အရိုးပေးကိုက်တာဖြစ်တယ်လို့ လူရွှင်တော် အောင်သော်နဲ့အတူ အစီအစဉ်တင်ဆက်တဲ့ Union Brother ထောက်ပို့အဖွဲ့ခေါင်းဆောင် ကိုစည်သူက ဝေဖန်ပါတယ်။

“ခပ်ရိုင်းရိုင်းပြောရရင် ခင်ဗျားတို့ကို (ဆုယူတဲ့အနုပညာရှင်တွေ) အရိုးကျွေးတာ။ ရော့ အရိုးလေးစားထား။ ငါ့ကို မဟောင်နဲ့နော်လို့ အဲ့လိုပြောတာ။ ကျွန်တော်တို့ စကားပုံနှိုင်းတာရိုင်းရင် ဆောရီးပဲ။ ပကတိအမှန်တရားက အဲ့အတိုင်းဖြစ်နေတာ။ သူတို့စားသောက်ပြီးတော့ ၀ပြီးကျန်ခဲ့တဲ့အရိုးလေးကို ခင်ဗျားတို့ကို ကျွေးတာ”လို့ ကိုစည်သူက ပြောပါတယ်။

နေပြည်တော်က အဲဒီအခမ်းအနားမှာ သရုပ်ဆောင် စိုးသူ၊ ယဉ်လတ်၊ ပုဏ္ဏမီ၊ အငြိမ့်မင်းသမီး ကေတုမတီ ဘိုမ၊ မမဆောင်းနဲ့ မျောက်ရှုံးဦးဆောင်တဲ့ ဖိုက်စတားအဖွဲ့က လာရောက်ဖျော်ဖြေခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *